Monday, May 06, 2013

မဂ်ဖိုလ်တရားရှာမှီးသူတွေဟာ သင်္ခါရဒုက္ခကို ရှာဖွေနေသူတွေတဲ့

မဂ်ဖိုလ်တရားရှာမှီးသူတွေဟာ သင်္ခါရဒုက္ခကို ရှာဖွေနေသူတွေတဲ့


ဒကာ။ ။လောကုတ္တရာတရားကိုးပါးထဲမှာ မဂ်စိတ် လေးပါးနဲ့ ဖိုလ်စိတ်လေးပါးတို့ဟာ ဒုက္ခတရားတွေသာဖြစ်တယ် ၊ သင်္ခါရ ဒုက္ခနယ်ထဲကမလွတ်သေးဘူးဟု ဟောပြောသွားတာ ကြား နာရလို့ ထိုဆရာတို့ ဟောပြောတာမှန်ပါသလား ဆရာတော်၊ ဒကာ ကြီးတို့ နားလည်တာကတော့ လောကုတ္တရာ တရား ၉ပါးဟာ ချမ်း သာသုခပဲ လို့နားလည်ကြပါတယ်ဘုရား၊သူတို့က မဂ်, ဖိုလ်ရှာနေ တဲ့ သူဟာ ဒုက္ခတွေကို ရှာ နေကြတာတဲ့၊ ဒီပြဿနာအမှန်ကို မိန့် ကြားပါဦး ဘုရား။ ဆရာ။ ။အင်း....သူ့နည်းနဲ့သူတော့ ဒုက္ခဆိုရင်လည်း မှန်တာပဲ၊ သုခဆိုရင်လည်း မှန်တာပဲ လို့ မှတ်ယူရမယ်၊ဒါပေမဲ့ ဒီစ ကားဟာ သာသနာဖျက် သမားတွေရဲ့ ယုတ်ညံ့တဲ့စကားပဲ တမင်ရှာ ကြံပြီးရှုပ်ထွေးအောင် ပုစ္ဆာထုတ်နေကြတာ။ ဒကာ။ ။ဒါလောက်နဲ့တော့ နားမလည်သေးဘူးဆရာတော်၊ အထောက်အထား ပြကာ တိုတိုနဲ့ ရှင်းပြပေးပါဦးဘုရား။ ဆရာ။ ။မဂ်စိတ်လေးပါးဟာ သစ္စာလေးပါးထဲမှာမပါဘူး၊ သစ္စ၀ိမုတ်လို့ ခေါ်တယ်၊ ယင်းလေးပါးနဲ့ ယှဉ်တဲ့ မဂ္ဂင်ရှစ်ပါးကသာ မဂ္ဂသစ္စာထိုက်တာ၊အဲဒါ့ကြောင့် ဒုက္ခသစ္စာ စတဲ့ သစ္စာလေးပါးမှ လွတ်လျက် နိဗ္ဗာန်ချမ်းသာသက်သက်ကိုသာ အာရုံပြုသိနေတဲ့ မဂ်စိတ်, ဖိုလ်စိတ်တို့ကိုသုခအစစ်ဖြစ်တဲ့ မဂ်ချမ်းသာ, ဖိုလ်ချမ်းသာ လို့ခေါ်ဆိုကြ တယ်၊ သူတို့ကအသင်္ခတ(အသင်္ခါရ)ဖြစ်ပျက်ဒုက္ခမှ ငြိမ်းအေးရာ နိဗ္ဗာန် ချမ်းသာကို အာရုံပြုသိနေတာသာဖြစ်တယ်၊အဲဒါ့ကြောင့် မဂ်တရားဖိုလ် တရားတို့ကို သုခလို့လည်း မှတ်ယူနိုင်တယ်။ ဒုက္ခ၀ါဒသမားများဘက်ကတော့ မဂ်စိတ္တုပ္ပါဒ် ဖိုလ်စိတ္တုပ္ပါဒ် တို့ဟာ သစ္စ၀ိမုတ်ဖြစ်ပေမယ့် ခန္ဓာထိုက်ပြီး ဖြစ်ပျက်မှု ဥဒယ-၀ယနယ်ထဲမှာပဲ ရှိနေသေးလို့ သူတို့ကို သင်္ခါရဒုက္ခထဲ ထည့်သွင်းကာ မဂ်စိတ်လေးပါးနဲ့ ဖိုလ်စိတ်လေးပါးတို့ဟာ သင်္ခါရဒုက္ခတရားတွေသာ ဖြစ်တယ်လို့ ဟော ပြောမိန့်ဆိုကြတာမို့ ဒီလို ကတ်သီးကတ်သတ်သမားများဘက်က လိုက် ယူရင်လည်း မှန်တာပါပဲ၊အထောက်အထား ကတော့-ဗုဒ္ဓဘုရားနဲ့ တပည့်သာဝကများတို့၏အယူဝါဒကို ရန်သူအနေနဲ့ အပြစ် တင် နှိမ်နင်းချိုးဖဲ့ စွပ်စွဲလိုတဲ့ သစ္စကပရိဗိုဇ်ကြီးဟာ ရှင်အဿဇိမထေရ်နဲ့ တွေ့တဲ့အခါ အရှင်အဿဇိထေရ်ကို..... "အို...အဿဇိ သင်တို့ဆရာ ရဟန်းဂေါတမသည် သူ၏ တပည့်သာဝက တို့ကို ဘယ်ပုံဘယ်နည်းနှင့် ဘယ်လိုများဆုံးမ သင်ကြား ပေးသနည်း" ဟုမေးလိုက်တဲ့အခါအရှင်အဿဇိမထေရ်ကသစ္စကပရိဗိုဇ်ကြီး၏ကောက် ကျစ်စဉ်းလဲကာ စွပ်စွဲ အပြစ်တင်လာမည့် စကားကျကို ရှောင်ကွင်းလျက် လိမ္မာပါးနပ်စွာဖြင့်...... "ရဟန်းတို့ ရူပံ အနိစ္စံ-ရုပ်သည် အမြဲမရှိ။ဝေဒနာ အနိစ္စာ-ဝေဒနာသည် အမြဲမရှိ။သညာ အနိစ္စာ- သညာသည် အမြဲမရှိ။သင်္ခါရာ အနိစ္စာ-သင်္ခါရ တို့သည် အမြဲမရှိကုန်။ဝိညာဏံ အနိစ္စံ-၀ိညာဏ် သည် အမြဲမရှိ။" "ရဟန်းတို့ ရူပံ အနတ္တာ- ရုပ်သည် အတ္တမဟုတ်။ဝေဒနာ အနတ္တာ- ဝေဒနာ သည် အတ္တမဟုတ်၊။သညာ အနတ္တာ-သညာသည်အတ္တမဟုတ်။သင်္ခါရာ အနတ္တာ- သင်္ခါရတို့သည် အတ္တမဟုတ်ကုန်။ဝိညာဏံ အနတ္တာ- ၀ိညာဏ် ခြောက်ပါးသည် အတ္တမဟုတ်။" "အို...အဂ္ဂိဝေဿန အနွယ်၌ဖြစ်သော သစ္စကပရိဗိုဇ်၊ ငါတို့ဆရာ မြတ်စွာ ဘုရားသည် တပည့်သာဝကတို့ကိုလိုက်နာခံယူ ကျင့်ကြံ အားထုတ်ကြရန် ဤသို့ ညွှန်ကြားပြသ ဆုံးမတော်မူ၏" ဟုဖြေကြားတော်မူလိုက်တယ်၊ ယင်းအဖြေ၌ ဒုက္ခမပါတာကို သတိထား ကြည့်ပါ။ ထိုအခါ သစ္စကပရိဗိုဇ်ကြီးက ဂေါတမအားစကားစစ်ပွဲဖြင့် အလဲထိုးဖို့ ကာလ, ကား ကောင်းစွာ ဆိုက်ရောက်လာချေပြီဟု ကြံစည်ကာ လိစ္ဆ၀ီမင်းငါးရာတို့၏ စည်းဝေးရာလွှတ်ရုံးသို့ သွားပြီး..... "အို....လိစ္ဆ၀ီမင်းတို့၊ထွက်ကြကုန်လော့၊လာကြကုန်လော့၊ ယနေ့ရဟန်း ဂေါတမနဲ့ငါ 'နိစ္စ-အနိစ္စ၊အတ္တ-အနတ္တ' အချေအတင် စကားစစ်ထိုးပွဲကြီး ဖြစ် လိမ့်မည် ရဟန်းဂေါတမ၏ ထင်ရှားကျော်ကြားသော ပဉ္စ၀ဂ္ဂီတပါးအ၀င် ရှင်အဿဇိ၏ ၀န်ခံသွားတဲ့အတိုင်း ရဟန်းဂေါတမသည် အနိစ္စ,အနတ္တ ဟု ၀န်ခံ ပြောဆိုခဲ့ လျှင် ရဟန်းဂေါတမ မလှုပ်နိုင်အောင်ချည်တုပ်လျက် သူ၏ အနတ္တ၀ါဒကို ဖျက်ဆီးချိုးဖဲ့ချေမှုန်းပစ်တော့အံ့" ဟု ကြိမ်းမောင်းကျုံးဝါးကာ လိစ္ဆ၀ီမင်းသားငါးရာခြံရံလျက် မြတ်စွာဘုရား သီတင်းသုံးရာ မဟာဝုန်တော ကုဋာဂါရကျောင်းတိုက်ရှိသော ဌာနသို့ ဦး တည် ထွက်သွားကာ ၀ါဒပြိုင်တာပဲ။ ကဲ....အဲဒါဟာ မဂ်ဖိုလ်တို့ရဲ့သင်္ခါရဒုက္ခကို ပြဆိုတဲ့ အထောက် အထားပဲ၊ရှင်အဿဇိဖြေကြားတဲ့နေရာမှာ ခန္ဓာငါးပါးကို အနိစ္စ, အနတ္တ နှစ်ပါးတည်းနဲ့သာ ဖြေကြားသွားတယ်၊ ဒုက္ခကို ထည့်မဖြေဘူး။ ဒီနေရာမှာ ဒုက္ခသာထည့်ဖြေလိုက်ရင် သစ္စကကြီးက"အို... အဿဇိ၊ သင်တို့မဂ်,ဖိုလ်ရှာမှီးကာ ဆင်းရဲဒုက္ခတွေကိုသာ ရယူခံစား နေကြတာပေါ့၊ သင်တို့ရဲ့ ဒုက္ခ၀ဋ် ကျွတ်လွတ်စေတဲ့ သာသနာတော် အဆုံးအမ စကားစုသည် ကြီးကျယ်သော ဆင်းရဲဒုက္ခအစုကို ပေးနေ တဲ့ ငရဲတမျိုးသာဖြစ်ချေသည်......" စသော အတောမသတ် စွပ်စွဲကဲ့ရဲ့ ဖျက်ဆီးလာတော့မည်ကို သိတော်မူသော ရှင်အဿဇိမထေရ်မြ တ်က ခန္ဓာသင်္ခါရဒုက္ခကိုထည့်မဖြေတာပဲ။ စင်စစ် မဂ်ဖိုလ်တို့ဟာ ဖြစ်,ပျက်မှု သင်္ခါရဒုက္ခအနေအားဖြင့် ဒုက္ခခန္ဓာ ဟူ၍လာသော အရာတို့လည်းရှိသေးတယ်၊ ကဲ...ကျေနပ်ရဲ့ လား၊ ကလျာဏ ပုထုဇဉ် ဆိုရင် နားလည်နိုင်လောက်ပြီ။ ဒကာ။ ။လည်ပတ်စွာ ဖြေကြားလို့ နားလည် ကျေနပ် ကြပါပြီ ဆရာတော်၊စင်စစ် မဂ်စိတ်,ဖိုလ်စိတ်တို့က ဖြစ်ပျက်မှု သင်္ခါရ မကင်းပေမယ့် ယင်းတို့ကို သိ,သိခံစားနေတဲ့ နိဗ္ဗာန်တရားမြတ် ကဒုက္ခ ဓာတ်ကင်းငြိမ်းကာ အေးမြချမ်းသာလှတဲ့ အမတ သုခ အစစ်မို့ မဂ်,ဖိုလ် တို့ဟာ ဆင်းရဲဒုက္ခမှ လွတ်တဲ့သုခချမ်းသာ အစစ်ပဲလို့ မှတ်ယူကြပါ တော့မယ် ဘုရား။


အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


No comments: