Monday, May 06, 2013

ပုထုဇဉ်ဘ၀နဲ့ ကိလေသာစိတ် လုံးဝမဖြစ် အောင် တားဆီးလျက် ရဟန္တာဖြစ်သွားသူ

ပုထုဇဉ်ဘ၀နဲ့ ကိလေသာစိတ် လုံးဝမဖြစ် အောင် တားဆီးလျက် ရဟန္တာဖြစ်သွားသူ

ဒကာ။ ။ဗုဒ္ဓသာသနာတော်မှာ ပုထုဇဉ်ဘ၀နဲ့ ကိလေသာ ကာမဂုဏ်စိတ်လုံးဝဘိတ်မရှိ မဖြစ်ပေါ်စေရဘဲ တရားဓမ္မကို အပြင်း အထန် ကြိုးစားအားထုတ်ကာ မဂ်ဖိုလ်ကိုရသွားသူများ ရှိပါသလား ဆရာတော်။ ဆရာ။ ။အင်း…ရှိတယ်၊ ဒါပေမဲ့ ဒီအမျိုးအစားက အလွန်အမင်း ပြင်းထန်လွန်း၍ ဘုရားတဆူမှာ တပါးမျှသာ ကျင့်နိုင်သူ ပေါ်ထွန်းတော် မူတယ်လို့ ကျမ်းဂန်များမှာ ပါရှိတယ်။ ဒကာ။ ။အဲဒီ….ပုဂ္ဂိုလ်ထူးနဲ့ အကျင့်တရားအမည်များကိုလည်း


တပည့်တော်တို့ နားလည်ရုံမျှ မိန့်ကြားပါ ဆရာတော်။ ဆရာ။ ။ခု ဂေါတမမြတ်စွာဘုရားသာသနာတော်မှာ အဲဒီပုဂ္ဂိုလ် ထူးက “အရှင်နာလက” ထေရ်တဲ့၊အကျင့်တရားကတော့ “မောနေယျ” အကျင့်မြတ်တရား တဲ့။ ဒကာ။ ။မောနေယျ ဆိုတာ ဘာကို ခေါ်တာပါလဲ ဆရာတော်၊ အဲဒီ အဘိဓာန်ပုဒ်ကို ရှင်းပြပါဦးဘုရား။ ဆရာ။ ။မောနေယျဆိုတာ မုနိ တို့၏သိကောင်းစရာ တရားများ ကို ဇွဲ ၀ီရိယ အပြင်းထန်ဆုံးသူမတူအောင် ကြိုးစားအားထုတ် သိအောင် လုပ်လို့ရလာတဲ့ မဂ်လေးပါးတရားတော်မြတ်ကို“မောနေယျ” လို့ခေါ်ဆို တယ်။ အဲဒီ မဂ်လေးပါးကို ရအောင် ပုထုဇဉ် အချိန်ကာလကစ၍ ကာမဂုဏ် ကိလေသာ စိတ် တစိတ်ကလေးမျှ လုံးဝမဖြစ်ရအောင် ပြင်းထန်တဲ့ လုံ့လ ၀ီရိယ ဇွဲ အကောင်းဆုံးနဲ့ တားဆီးပြီးတော့ကာ ပင်ပန်းဆင်းရဲစွာ ကျင့်ကြံအားထုတ်ရသော တရားမြတ်ဖြစ်၍ လူသာမန်တို့ ကျင့်နိုင်ခဲ ဖြစ်စေနိုင်ခဲသော အကျင့်မြတ်ကို (မောနေယျ ပဋိပဒါ) မောနေယျ အကျင့်လို့ ခေါ်တယ်၊ အကျယ်သိချင်ရင် တိကင်္ဂုတ္တရပါဠိတော်-၂၇၆ နဲ့ အဋ္ဌကထာ ၂၃၅ တို့မှာ ရှာကြည့်ပေတော့၊အတော် စိတ်ဝင်စားစရာ ကောင်းတယ်။ ဒကာ။ ။ဒါလောက်သိရတာကိုပဲ ၀မ်းသာ ကျေနပ်လှပါတယ် ဆရာတော်၊ အလွန် ခက်ခဲတဲ့ အကျင့်တရားပါလားဘုရား။


အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


No comments: