Saturday, May 18, 2013

ဥပ္ပလ၀ဏ်ထေရီမ

"ဥပ္ပလ၀ဏ်ထေရီမ" •••••••••••••••••••••••••• မြတ်စွာဘုရားချီးမြှင့်တော်မူသည့် ဧတဒဂ်ဘွဲ့ထူး ရရှိတော်မူကြသော ထေရီမများတွင် ဥပ္ပလ၀ဏ်ထေရီမသည် တန်ခိုးကြီးသောအရာ၌ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ရ ရဟန္တာထေရီမကြီးတစ်ဦး ဖြစ်ပေသည်။


ဤကဲ့သို့ ဧတဒဂ်ဘွဲ့ထူးရရှိခြင်းသည် သာမန်ပါရမီသာမန်စိတ်ဓာတ် ဇွဲ လုံ့လ ၀ီရိယဖြင့် ရရှိနိုင်သည်မဟုတ်၊ ခုထလုပ်၍ ရနိုင်သောအရာမျိုးလည်း မဟုတ်ချေ ကမ္ဘာတစ်သိန်းတိုင်တိုင် ပါရမီများကို ဖြည့်ဆည်းခဲ့ရခြင်းကြောင့်သာ ရရှိခြင်းဖြစ်ပေသည်။


ထိုသို့ ကမ္မနိယာမနှင့် ဆည်းပူး၍ယူရသော ပါရမီ၏သဘောကို နားမလည်ကြသဖြင့် သူများရလျှင် ရလိုကြသည်၊ သူများထူးလျှင် ကိုယ်လည်းထူးချင်ကြသည်၊ တန်ခိုးရှင် ရှင်ဒေ၀ဒတ်သည်ပင်လျှင် လက်ဝဲ လက်ယာ ရာထူးရလိုမူ၊ မနာလိုမူများဖြစ်ကာ နောက်ဆုံး မတန်မရာ ဘုရားရာထူးအထိ အလိုရမ္မက်ကြီး၍ ပျက်စီးခဲ့ရဖူးသည်။


ဥပ္ပလ၀ဏ်ထေရီမသည်ကား အစမထင် ဘ၀သံသရာများစွာက ကုသိုလ်မျိုးစေ့များ ကြဲချစိုက်ပျိုးခဲ့သဖြင့် လွန်ခဲ့ပြီးသော ကမ္ဘာတစ်သိန်းအထက် ပဒုမုတ္တရမြတ်စွာဘုရားရှင် ပွင့်တော်မူခိုက် ဟံသာဝတီပြည်၌ အမျိုးကောင်းသမီ တစ်ဦးဖြစ်ခဲ့လေသည်။


အမျိုးကောင်းသမီးသည် လူအများနှင့်အတူ ပဒုမုတ္တရဘုရားရှင်ထံသို့ တရားနာသွားရောက်ခဲ့ရာမှ ဘိက္ခုနီမတစ်ပါးကို တန်ခိုးကြီးသောအရာ၌ ဧတဒဂ်ဘွဲ့ထူး ချီးကျူးတော်မူသည်ကို တွေ့မြင်အားကျ၍ မြတ်စွာဘုရားနှင့်တကွ သံဃာတော်များအား ပင့်ဖိတ်ကာ ခုနှစ်ရက်ပတ်လုံး ဆွမ်းသင်္ကန်းများကို လှူဒါန်းပူဇော်ခဲ့သည်။ နေ့စဉ်ပေးလှူပြီးတိုင်းလည်း ဘုရားရှင်၏ ခြေတော်ရင်း၌ အဆင်းအနံ့နှင့် ပြည့်စုံသော ကြာညိုပန်းခုနှစ်စည်းတို့ကို ချထားပူဇော်ကာ တန်ခိုးကြီးသောအရာ၌ အမြတ်ဆုံး ဧတဒဂ်ဘွဲ့ထူးကို ရရှိရန် ဆုပန်ဆင်ခဲ့လေသည်။


ထေရီမလောင်းလျာသည် ဤဘဒ္ဒကမ္ဘာ ကဿပဘုရားရှင် လက်ထက်တော်၌ ဗာရာဏသီပြည် ကိကီမင်းကြီး၏သမီးတော် ခုနှစ်ယောက်တွင် နှစ်ယောက်မြောက် သမဏဂုတ္တာအမည်ရှိ မင်းသမီး ဖြစ်ခဲ့သည်၊ မင်းသမီးဘ၀တွင် ခေမာထေရီလောင်းလျာနည်းတူ အမတော် ညီမတော်များနှင့် တကွ နှစ်ပေါင်းနှစ်သောင်းတိုင်တိုင် အပျိုစင်ဘ၀ဖြင့် ဗြဟ္မစရိယကို ကျင့်သုံးလျက် သံဃာတော်များ သီတင်းသုံးတော်မူရန် ပရိဝုဏ်ကျောင်းတိုက်ကြီးကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့သည်။ ဘ၀တစ်ခုတွင်လည်း ကဿပ ဘုရားရှင်၏တပည့် ရဟန္တာမထေရ်မြတ်တစ်ပါးအား ရွှေရောင်အဆင်း ၀ါဝင်းချောမွေ့သော အ၀တ်က လှူဒါန်းခဲ့ပြန်လေသည်။


ထိုကုသိုလ်မျိုးဆက်များကြောင့် သိဝိတိုင်း အရိဋ္ဌပုရပြည်၌ သီရိဋိဝစ္ဆမည်သော ပုဏ္ဏားသူဌေးကြီး၏ သမီးဖြစ်လာ၍ သူမ၏အလှသည် မြင်သူများ ရူးသွပ်မေ့မြောသွားနိုင်လောက်အောင် ချောမောလှပသဖြင့် "ဥမ္မာဒန္တီ "ဟုပင် ကျော်ကြားခဲ့သူဖြစ်သည်။


ထိုမှတဖန် ဘ၀တခုတွင် လယ်သမားတစ်ဦး၏သမီးဖြစ်၍ လယ်တောသို့ သွားရာ ရေအိုင်တစ်ခုမှ ချိုးယူခဲ့သော ကြာပန်းနှင့် ပေါက်ပေါက်ပွင့် ငါးရာတို့ကို မစ္စေကဗုဒ္ဓါ အရှင်မြတ်တစ်ပါးအား လှူဒါန်းခဲ့သည်။ပေါက်ပေါက်ပွင့် ငါးရာနှင့်အမျှ ရင်သွေးရတနာများ မွေးဖွားရန်နှင့် ဖြစ်လေရာဘ၀တိုင်း မှာလည်း ခြေလှမ်းတိုင်း၌ ပဒုမ္မာကြာပန်းများ မြေမှပေါ်ထွက်ခံလင့်ရန် ဆုပန်ခဲ့လေသည်။ သို့ရာတွင် ပန်းလှူစဉ်က အပရစေတနာချို့ငဲ့သဖြင့် ပဒုမ၀တီမိဖုရားခေါင်ကြီးဖြစ်သောအခါ နန်းအရာကကျ၍ ပန်းများလည်း မခံလာတော့ချေ။


ကြာပန်းထဲ၌သံသေဒဇပဋိသန္ဓေတည်နေခဲ့သူ ပဒုမတီမိဖုရားခေါင်းကြီးဘ၀တွင် တောင်းခဲ့သောဆုအတိုင်း သံသေဒဇ သားငါးရာ ဖွားမြင်ရာ သားတော်ငါးရာလုံး ပစ္စေကဗုဒ္ဓါငါးရာ ဖြစ်သွားခဲ့ကြသည်။ ပဒုမ၀တီလည်း သားများစွာ၏မိခင်ဘ၀မှ သားမဲ့မိခင်ဖြစ်ရလေသည်ဟု ၀မ်းနည်းပူဆွေးကာ စိတ်ထိခိုက်၍ ကွယ်လွန်ခဲ့လေသည်။


ထို့နောက် ရာဇဂြိုဟ်မမြို့တံခါးအနီး ရွာငယ်လေးတစ်ခုဝယ လက်လုပ်လက်စား အမျိုးအိမ်၌အမျိုးသမီးကလေး ဖြစ်ခဲ့လေ၏။တစ်နေ့သ၌ လင်ယောက်ျားအတွက် လယ်တောသို့ ထမင်းပို့သွားခိုက် ရှေးဘ၀က သားတော်ခဲ့ဘူးသော ပစ္စေကဗုဒ္ဓါအရှင်မြတ်များကို တွေ့မြင်၍ ကြည်ညိုစိတ်ဖြစ်ကာ မိမိအတွက် ဝေစုကို လှူဒါန်းခဲ့လေသည်။ ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်များအား နောက်တစ်နေ့တွင်လည်း ပင့်ဖိတ်၍ အလှူဒါနပြုခဲ့ပေသည်၊ ထို့နောက် ကြာညိုရှစ်လက်တို့ကိုလည်း အရှင်မြတ်တို့၏ခြေရင်း၌ ချထားပူဇော်ပြီး “ဖြစ်လေရာဘ၀တိုင်းမှာ ကိုယ်၏အဆင်းသည် ဤကြာညိုပန်းအဆင်းကဲ့သို့ ဖြစ်ပါစေသား”ဟု ဆုတောင်းခဲ့လေသည်။


ဤအရှင်မ၏ထူးခြားချက်မျာ အလှူဒါနပြုရာတွင် ပဒုမ္မာကြာပန်းကိုပါ လှူဒါန်းခဲ့ရာ ဘ၀များစွာတို့၌ခြေဖ၀ါးအောက်မှ ကြာပန်းများပေါ်ထွက်လာခြင်း၊ ကိုယ်ရောင်အဆင်းသည် ကြာတိုက်အတွင်းသား အဆင်းကဲ့သို့ရှိခြင်း၊ ပဒုမ္မာကြာပွင့်ကြီးထဲ၌ ပဋိသန္ဓေတည်နေရခြင်း စသည်ဖြင့် မိမိပြုသောကံ၊ ဆုတောင်းများအရ ထူးခြားသော ဖြစ်ရပ်များဖြင့် ကျင်လည်ခဲ့ရသော ကြည်ညိုဖွယ်ရာ ရဟန္တာထေရီမကြီးတစ်ပါး ဖြစ်ပေသည်။


နောက်ဆုံးဘ၀တွင် ထေရီမလောင်းလျာသည် သာဝတ္ထိမြို့ သူဌေးကြီးတစ်ဦး၏ သမီးဖြစ်လာသည်။ရှေးယခင်ဘ၀များက ဆုတောင်းခဲ့သည့်အတိုင်း သူမ၏ အရောင်အဆင်းသည် ကြာညိုပန်းကဲ့သို့ ရူချင်ဖွယ်တင့်တယ်လှပ၏။ ထို့ကြောင့် "ဥပ္ပလ၀ဏ"္ဏဟု အမည်ပေးကြလေသည်။


ဥပ္ပလ၀ဏ္ဏာအမျိုးသမီးကလေး အရွယ်ရောက်လတ်သော် အရောင်အဆင်း လှပသည်နှင့်အမျှ သူ့သတင်းကိုကြားသိကြသော သူဌေး သူကြွယ်၊ မင်းညီ မင်းသား၊ ဘုန်းတံခိုးကြီးမားကြသော ဘုရင်းမင်းများက ဥပ္ပလ၀ဏ္ဏာ အမျိုးသမီးလေးနှင့် လက်ဆက်လိုကြောင်း တောင်းဆိုကြလေ၏။ မိဘများမှာ သမီးအိမ်ထောင်ရေးအတွက် ဝေခွဲမရ စိတ်ဆင်းရဲနေကြရသည်။ တစ်နေ့တွင် အကြံအစည်တစ်ခုကို စဉ်းစားမိခဲ့ကြသဖြင့် သမီး ဥပ္ပလ၀ဏ္ဏာကို ခေါ်၍ -


“ချစ်သမီး ဥပ္ပလ၀ဏ္ဏာ - သမီးကို စုံမက်လိုလားသူတွေ များပြားလှသဖြင့် ငါတို့မှာ အခက်ကြုံတွေ့နေရပြီ၊ အားလုံးထဲမှ တစ်ယောက်ကို ပေးလိုက်ပါလျှင်လည်း ကျန်သူများက မုန်းကြတော့မည်၊ ဤဒုက္ခဘေးမှ ကင်းဝေးစေရန် ဘုရားရှင်၏သာသနာတော်မှာ ချစ်သမီး ရဟန်းပြုနိုင်ပါ မည်လား”ဟု -မြေးမြန်းကြလေသည်။ သူမသည် ဤဘ၀တွင် နိဗ္ဗာန်ဆုကြီးကို ဆွတ်ခူးရမည့် ပါရမီရှင် ဖြစ်ခြင်းကြောင့်လည်းကောင်း၊ ဤသို့သော ဘုရားရှင် သာသနာတော်ကြီးနှင့် ဆုံစည်းရန် ကမ္ဘာပေါင်းများစွာ၌ ဘုရားရှင်အဆူဆူတို့ထံ ပါရမီကုသိုလ်ထူးများကို ဆည်းပူးကြိုးစားခဲ့ရသူ ဖြစ်ခြင်းကြောင့်လည်းကောင်း မိဘတို့၏ အစီအမံကို ကြည်ဖြူဝမ်းမြောက်စွာ လက်ခံခဲ့လေသည်။


ဥပ္ပလ၀ဏ်သမီးငယ်ကို ကောင်းစွာပြင်ဆင်၍ မိဘများကိုယ်တိုင်ပင် ခမ်းနားကြီးကျယ်စွာ ဘိက္ခုနီကျောင်းသို့ ပို့ဆောင်ရဟန်းပြုပေးလိုက်ရာ သူမ၏ဆန္ဒများ ပြည့်ဝသွားပေသည်။


ရဟန်းဖြစ်၍ မကြာမြင့်မီပင် ဥပုသ်ပြုရန်အတွက် ရှေးဦးဆောင်ရွက်ဖွယ်များဖြစ်သော ဥပုသ်အိမ် သိမ်အပြင်၌ တံမြက်လှည်းခြင်း၊ သောက်ရေအိုးတည်ထားခြင်း၊ နေရာခင်းခြင်း၊ ဆီမီးညှိထွန်းခြင်းများကို ဥပုသ်ပြုကြမည့် ထေရီမ ကြီးငယ်များကြွမလာကြမီ ဥပ္ပလ၀ဏ်ထေရီမကလေး ကြိုတင်ပြုလုပ်ရန် အလှည့်ကျ၏၊ ထိုသို့ ဝေယျာဝစ္စများလုပ်နေစဉ်တွင်လည်း အရှင်မဥပ္ပလ၀ဏ်သည် မြတ်စွာဘုရားထံမှ နာကြားခဲ့ရသော ကမ္မဋ္ဌာန်းနည်းများ၊ ဥပဇ္ဈာယ်ဆရာထံမှ သင်ယူထားသော ၀ိပဿနာရူနည်းများကို ရူမှတ်ပွားများနေမိ၏၊ မိမိရှေ့ရှိ ထွန်းညှိထားသော ဆီမီးတောက်အညွန့်ကို ရပ်လျက် စူးစူးစိုက်စိုက် ရူလိုက်သောအခါ တေဇောကသိုဏ်းဘာဝနာဖြစ်၍ဈာန်သမာပတ်များကိုပင် ရရှိလာလေ၏။


ထိုရရှိလာသော ဈာန်သမာပတ်ကို အခြေခံပြု၍၀ိပဿနာကမ္မဋ္ဌာန်း ဆက်လက်အားထုတ်စီးဖြန်းလေရာ ထိုခဏအတွင်းမှာပင် မဂ်ဉာဏ် အဆင့်ဆင့် ရင့်ကျက်ကာ အရဟတ္တဖိုလ်ကို ရရှိခဲ့လေသည်။ အရဟတ္တဖိုလ်ကိုရသည်နှင့် တပြိုင်နက်ပင် ရှေးဆုတောင်းအတိုင်း တန်ခိုးဖန်ဆင်းခြင်း၌ ၀သီဘော်ငါးတန် လေ့လာနိုင်နင်းပြီး ဖြစ်သွားလေသည်။


ထို့ကြောင့် ရဟန်းပြုပြီး တစ်ဆယ့်ငါးရက်မပြည့်မီမှာပင် အရဟတ္တဖိုလ်ကို ရရှိခဲ့သော ဥပ္ပလ၀ဏ်ထေရီမအား ကြည်ညိုကိုးကွယ်ကြသူများ တနေ့တခြားများပြားလာတော့သည်။


တနေ့တွင် "နန္ဒလုလင်" က ထေရီမာအား အဓမ္မကြံစည်မူ ကိစ္စတခုဖြစ်ပွားခဲ့ရာ ထို့အတွက် အရှင်မအေပေါ် လူအချို့ သံသယဖြစ်ခဲ့ကြလေသည်။ ထိုအခါ ဘုရားရှင်က-


“ကြာဖက်ပေါ်တွင် ရေမတင် လျှောကျသကဲ့သို့လည်းကောင်း၊ ပွက်ဆောက်ဖျားပေါ်၌မုန်ညင်းစေ့ မတည်နိုင်သကဲ့သို့လည်းကောင်း၊ ကာမဂုဏ်တို့၌ လိမ်းကျံကပ်ငြိခြင်းမရှိသော ပုဂ္ဂိုလ်ကို သူတော်သူမြတ်ဟူ၍ ငါဘုရားဟောကြားတော်မူ၏”ဟု - မိန့်တော်မူခဲ့ရပေသည်။


ထို့နောက် ဥပ္ပလ၀ဏ်ထေရီမကိုလည်း -


“ဥပ္ပလ၀ဏ်---သင်သည် တန်ခိုးပြခြင်းဖြင့် ပရိသတ်လေးပါးတို့၏ ယုံမှားသံသယကို ယနေ့ပင် ဖျောက်လေလော့”ဟု - မိန့်တော်မူလေရာ ဥပ္ပလ၀ဏ်အရှင်မသည် အောက်ပါတန်ခိုးအမျိုးမျိုးကို ပြလေ၏-


ကလေးငယ်များ ကစားသောအခါ ဆီကို လက်၌ထည့်၍ ကစားသကဲ့သို့ သမုဒ္ဒရာလေးစင်းတို့ကို လက်တွင်း၌ထည့်ထား၏။


တဖန် နုပျိုသောလူရွယ်သည် ဆန်းကြယ်သော ဖြူဆံမြက်ကို နုတ်သလို မြေကြီးကို အထက်သို့ ဆွဲလှန်၍ လက်တွင်း၌ထည့်ထားလေ၏။


တဖန် အဆင်းမျိုးစုံရှိသော မိုးပေါက်များ အကြိမ်ကြိမ်ရွာစေ၍ စကြ၀ဠာအပြည့်မျှရှိသော လက်ဝါးကို ဦးထိပ်၌မိုးအုပ်လျက် မြေကြီးကို ဆုံ၊ မြင်းမိုရ်တောင်ကို ကျည်ပွေ့ပမာပြုလျက် ကျောက်စရစ်ခဲများကို စပါးသဖွယ်ပြုလျက် သူငယ်မကဲ့သို့ ထောင်းထုပြလေ၏။


ထို့မှနောက်၌အရှင်မ၏ဂုဏ်သတင်းသည် ရှေးကထက်ပို၍ ကျော်စောထင်ရှားလာခဲ့သည်။


အရှင်မလည်း ယခင်ရရှိပြီးသော ဈာန်အဘိညာဉ်တို့ကို အဖန်ဖန် ၀င်စား၍ ပွားများ၏။ အထူးသဖြင့် မိမိ အလိုရှိရာ တန်ခိုးပြာဋိဟာအမျိုးမျိုးပြသနိုင်သော ဣဒ္ဓိဝိဓ အဘိညာဉ်ကို အလေးထား၍ဆက်လက်ပွားများနေခဲ့၏။ အရှင်မသည် ထိုသို့ ဣဒ္ဓိဝိဓအဘိညာဉ်ကို ပွားများနေခဲ့ရာမှ တနေ့သ၌လူသူ အရောက်နည်းပါးသော ဥယျာဉ်သို့ သွား၍တစ်ပါးတည်း ဖလာသမာပတ် ၀င်စားနေခိုက် မာရ်နတ်သည် အရှင်မသို့ ချဉ်းကပ်၍ -


“ရဟန်းမ---တစ်ယောက်တည်း နေဘိ၏၊ စော်ကားတတ်သော ယောက်ျားဆိုးများကို မကြောက်လေသလော”ဟု -ခြောက်လှန့်စကား ပြောကြား နှောက်ယှက်လေ၏။


အရှင်မကလည်း -


“ဟယ်မာရ်နတ်---သင့်လို ယုတ်မာ ကြမ်းတမ်းသော ယောက်ျားဆိုးများ အရာထောင်မက လာသော်မှ ငါ၏မွေးညင်းတစ်ပင်မျှတုန်လူပ်အောင် ပြုနိုင်မည်မဟုတ်၊ သင်တစ်ယောက်တည်းဖြင့် ငါ့ကို မည်သို့ပြုလုပ်နိုင်မည်နည်း”ဟု ရဲရဲတောက်စကားများဖြင့် ပြန်လည်းကြိမ်းမောင်းလိုက်ရာ မာရ်နတ်လည်း ကွယ်ပျောက်ထွက်ပြေးခဲ့ရလေ၏။


ဥပ္ပလ၀ဏ်ထေရီမကြီးကား ဤသာသနာတော်၌ ထေရီမများစွာတွင် "တန်ခိုးအရာ ဧတဒဂ်ဘွဲ့ထူး" ချီးကျူးဂုဏ်ပြုခံရသူ ဖြစ်တော်မူ၏။


ဥပ္ပလ၀ဏ်ထေရီမသည် ရဟန္တာဖြစ်ပြီးနောက် ဤသို့ ဥဒါန်းကျူးရင့်ခဲ့ပါသည် -


သတ္တိသူလူပမာ ကာမာ၊ ခန္ဓာ’သံ အဓိကုဋ္ဋနာ။ ယံ တွံ ကာမရတိံ ဗြူသိ၊ အရတီ ဒါနိ သာ မမ။


ကာမဂုဏ်တို့သည် ဓား လှံ သံတံကျင်နှင့် တူကုန်၏။ ဥပါဒါနက္ခန္ဓာငါးပါးတို့သည် ထိုကာမဂုဏ်တို့၏ ခုတ်ပိုင်း လှီးဖြတ်ရာ စဉ်တီတုံးနှင့် တူကုန်၏။ကာမဂုဏ်တို့၌ မွေ့လျော်နေရန် သင်မာရ်နတ်ပြောဆိုလာ၏။ သင်ပြောဆိုသော ထိုကာမဂုဏ်သည် ယခုအခါ ငါ့အတွက် မွေ့လျော်ပျော်ပိုက် နှစ်ခြိုက်စရာ မဟုတ်တော့ပြီ။


သဗ္ဗတ္ထ ၀ိဟတာ နန္ဒီ၊ တမောခန္ဓော ပဒါလိတော။ ဧ၀ံ ဇာနာဟိ ပါပိမ၊ နိဟတော တွမသိ အန္တက။ ငါသည် ခပ်သိမ်းသော အာရုံတို့၌နှစ်သက်မူတဏှာကို ပယ်ဖျောက်အပ်ပြီ၊ မာရ်ယုတ် - ဤသို့ တဏှာ အ၀ိဇ္ဇာကို ပယ်သောသူဟု ငါ့ကိုသိလော့၊ မာရ်ယုတ် - သင်ကား ရူံးသူ ဖြစ်ခဲ့ပြီတကား။


ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော်စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။


_/|\_ ခပ်သိမ်းသော ရဟန်း၊ ရှင်၊ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါ အားလုံး ဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ် နှစ်ဖြာ ကျန်းမာ, ချမ်းသာကြပါစေ …


No comments: