(ဆန္ဒ )
အာရုံတခုခုကို ပြုလိုခြင်း (ရယူလိုခြင်း)ကိုဆန္ဒ-လို့ ခေါ်ပါတယ်။ ဒီဆန္ဒသဘောဟာ သတ္တဝါတွေရဲ့ သန္တာန်မှာ အလွန်ထင်ရှားပါ တယ်၊ ဘုရားကို သွားချင်တာ၊ကျောင်းကို သွားချင်တာ၊ဥပုသ် စောင့်ချင်တာ၊ တရားနာချင်တာ၊ တရားထိုင်ချင်တာ ၊သူတပါး အကျိုးဆောင်ရွက်လိုတာကအစ နိဗ္ဗာန်လိုချင်တာအထိ အကုန် လုံးဟာ ဆန္ဒချည်းဖြစ်ပါတယ်။ တော်ရုံတန်ရုံ လိုချင်ရာမှာ ဆန္ဒ ကအားသေးပါတယ်၊ မဖြစ်မနေလိုချင်ရာ၊ မရမကလိုချင်ရာတွေ မှာတော့ ဆန္ဒက အားကြီးပါတယ်၊ဒါပေမယ့် ဆန္ဒရှိရုံ တောင့်တ ရုံနဲ့တော့ လိုချင်တာကို ရနိုင်မှာ မဟုတ်ပါ၊ လိုချင်တောင့်တသ ည့် အားလျော်စွာ ကြိုးစားအားထုတ်မှု ဝီရိယပါမှသာ ရနိုင်မှာ ဖြစ်ပါတယ်။ အထက်တန်းကို ရောက်ရန် အခြေခံမျှော်မှန်းချက် (ဆန္ဒ)မျှ မရှိပါ ရင် မည်သူမျှ ထက်ထက်သန်သန် ကြိုးစားအားထုတ်ကြမယ် မဟုတ်ပါ၊မျှော်မှန်းချက်ရှိသူတွေကသာ ထက်ထက်သန်သန် ကြိုးကြိုးစားစားအားထုတ်ကြပါတယ်၊ သို့ဖြစ်သည်အားလျော် စွာ လူသားတိုင်း လူသားတိုင်းက မျှော်မှန်းချက်(ဆန္ဒ) တခုခု ကို ထားသင့်ပါတယ်၊အဲဒီဆန္ဒကို အာသာ-(လိုလားတောင့် တမှု) လို့လည်းခေါ်ပါတယ်၊ ဒါပေမယ့် အဲဒီလို အာသာဆန္ဒ ရှိရုံမျှနဲ့(ဆုတောင်းနေရုံမျှနဲ့)တော့ မိမိတို့ရဲ့မျှော်မှန်းချက် မပြည့်စုံနိုင်ပါ၊ မျှော်မှန်းထားသည့်အတိုင်းစိတ်ပါလက်ပါ ကြိုးစားအားထုတ်မှသာ ပြည့်စုံနိုင်ပါတယ်။ အခုခေတ်မှာ အထက်တန်းရောက်နေသူတွေက အများအားဖြင့် အာသာဆန္ဒအားလျော်စွာ ကြိုးစားအားထုတ်လာကြသူတွေသာ ဖြစ်ကြပါတယ်၊သို့ဖြစ်၍ခဲခဲယဉ်းယဉ်းရရှိလာတဲ့ မိမိတို့ရဲ့ လူ့ဘ ဝကို ခုရောနောင်ပါ အထက်တန်းရောက်အောင် ထက်သန်တဲ့ အာသာဆန္ဒကို အရင်းခံပြီးသမ္မာရဒ္ဓ ဝီရိယဖြင့် ကိုယ်စီကိုယ်င မြှင့်တင်နိုင်ကြပါစေ။ (မောဟ အဝိဇ္ဇာ ) အာရုံမှာ တွေဝေစေတတ်တဲ့အတွက် မောဟ-လို့ ခေါ်ပါတယ်။ ဒီမောဟဟာ ဉာဏ်ရဲ့ဆန့်ကျင်ဘက် ဖြစ်ပါတယ်၊အာရုံမှာ တွေ ဝေစေတယ်ဆိုပေမယ့်ဝိစိကိစ္ဆာသဘောလိုမဆုံးဖြတ်နိုင်ဘဲ ဝေ တေတေဖြစ်နေတာမျိုး မဟုတ်ပါဘူး၊ အာရုံရဲ့အမှန်သဘောကို မသိတာဘဲ ဖြစ်ပါတယ်၊ဒါ့ကြောင့် အာရုံရဲ့ အမှန်သဘောကို မသိခြင်းသဘောလို့ဆိုထားခဲ့ပါတယ်။ ဘဝင်ကျလို့ အိပ်ပျော်နေသလို မသိရုံသက်သက်လည်းမဟုတ် ပါဘူး၊ ဉာဏ်က အမှန်ကိုသိပြီးမောဟက အမှားကို သိပါတယ်၊ ဒါကြောင့် ဉာဏ်ရဲ့ ဆန့်ကျင်ဘက် ဖြစ်တယ်လို့လည်း ဆိုရပါတယ်။ ဒီမောဟဟာ သိသင့်တဲ့ အရာဌာနကို မိမိကိုယ်တိုင်လည်း မသိ တတ်၊ မိမိနှင့် ဖြစ်ဖော်ဖြစ်ဖက် (ယှဉ်ဖက်)အကုသိုလ် စေတသိက် များနှင့် မိမိဖြစ်နေတဲ့ ပုဂ္ဂိုလ်ကိုလည်း မသိစေတတ်၊ ဒါကြောင့် ဒီမောဟကို အဝိဇ္ဇာ-လို့လည်းခေါ်ပါသေးတယ်။
အဘိဓမ္မာသဘောအရ ပြောရမယ်ဆိုရင် သစ္စာ ၄-ပါး၊ပုဗ္ဗန္တ၊ အပရန္တ၊ ပုဗ္ဗန္တာပရန္တ၊ ပဋိစ္စသမုပ္ပါဒ် ဒီ ၈-ဌာနဟာ သိသင့်တဲ့ ဌာနတွေ ဖြစ်ပါတယ်။ အဲဒီ ၈-ဌာနအနက် ဘုံ ၃-ပါးမှာ ရှိရှိသမျှ ရုပ်နာမ်တွေဟာ ဒုက္ခသစ္စာတွေချည်းဖြစ်ကြပါတယ်၊ အဲဒီဒုက္ခတွေကို ဒုက္ခ လို့ မသိနိုင်ခြင်းဟာ ဒုက္ခသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာ ရဲ့ သတ္တိပဲ ဖြစ်ပါတယ်၊ အလားတူပဲ တဏှာလောဘကို ဒုက္ခဖြစ်ကြောင်းမှန်း မသိ ခြင်းဟာ သမုဒယသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိ ပဲ ဖြစ်ပါတယ်။ နိဗ္ဗာန်ကို ဒုက္ခချုပ်ရာမှန်းမသိခြင်းဟာ နိရောဓသစ္စာကို ဖုံး လွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိပဲ ဖြစ်ပါတယ်။ မဂ္ဂင် ၈-ပါးကို နိဗ္ဗာန်ရောက်ကြောင်း လမ်းကောင်းလမ်းမှန် မှန်း မသိခြင်းဟာ မဂ္ဂသစ္စာကို ဖုံးလွှမ်းတတ်တဲ့ အဝိဇ္ဇာရဲ့ သတ္တိပဲ ဖြစ်ပါတယ်။ ( ရှက်ဖွယ်ချည်းသာ ) အကုသိုလ်မှန်က ရှက်စရာချည်းသာ ဖြစ်ပါတယ်၊ အပြင်းအထန် စိတ်ဆိုးတာနဲ့ အော်ဟစ်ငေါက်ငမ်းကြမ်းတမ်းစွာ ပြောဆိုတဲ့ ဒေါသ၊နှလုံးလေပင့် ဘဝင်မြင့်ကာ ထောင်လွှားတက် ကြွ သူတပါးကို အဖက်မထင် စိတ်ကြီးဝင်တဲ့ မာန၊ ငြူစူစောင်းမြောင်း မကောင်းပြစ်တင် ကဲ့ရဲ့ချင်တဲ့ ဣဿာ စသည်တို့လည်း စက်ဆုပ် ရွံရှာ ရှက်စရာကောင်းလှပါတယ်၊ဒါကြောင့် ဒုစရိုက် မကောင်းမှုမှန် ရင် အကုန်လုံးရှက်စရာချည်းသာ မှတ်ပါ။
(မြောင်းမြတိုက်သစ် ပဇ္ဇောတာရုံနှင့် မှော်ဘီသာသနာ့ဝန်ဆောင် ဆရာတော် အရှင်ကုမာရ )
No comments:
Post a Comment