Friday, May 24, 2013

"ကျေးဇူးရှင်တိပိဋကဓရ ယော-ဆရာတော်ဘုရားကြီး၏ သြဝါဒများ''

"ကျေးဇူးရှင်တိပိဋကဓရ ယော-ဆရာတော်ဘုရားကြီး၏ သြဝါဒများ" ****************************************** သူ့ကိုစောင့်ရှောက် ကိုယ့်ဂုဏ်မြောက် သည်းခံ သနား၊ ၀မ်းမြောက်ငြား၊ ပွားများမေတ္တာခြုံ။ သူ့ကိုစောင့်ရှောက်၊ ကိုယ့်ဂုဏ်မြောက်၊ပပျောက်ဘေးရန် ကိုယ့်မှာလုံ။ သူတော်သူမြတ်၊ ဤ ၄-ရပ်၊ မချွတ် ကျင့်ပါကုန်။


မြတ်သော သောတာပန် မြေတပြင်လုံး၌ ဧကရာဇ်မင်းဖြစ်ရသည်ထက်၎င်း ၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်သို့ ရောက်ရသည်ထက်၎င်း၊ တလောကလုံးကို အစိုးရသည်ထက်၎င်း၊ သောတာပန်ဖြစ်ရခြင်းသည် မြတ်၏။ ( ဓမ္မပဒ လောက၀ဂ်၊အနာထပိဏ္ဍိကပုတ္တကာလ၀တ္ထု)


ပျက်စီးကြောင်းအညစ်အကြေးများ စာပေကျမ်းဂန်အတတ်ပညာတို့သည် မရွတ်ဖတ် မသရဇ္ဈာယ်ခြင်းလျှင် (ပျက်စီးကြောင်း) အညစ်အကြေးရှိကုန်၏။ အိမ်တို့သည် ကြောင့်ကြတစိုက် မပြုပြင်ခြင်းလျှင် (ပျက်စီးကြောင်း) အညစ်အကြေးရှိကုန်၏။ ပျင်းရိခြင်းသည် အဆင်း-လှပခြင်း၏(ပျက်စီးကြောင်း)အညစ်အကြေးမည်၏။ မေ့လျော့ခြင်းသည် စောင့်ရှောက်သူ၏ (ပျက်စီးကြောင်း)အညစ်အကြေးမည်၏။ (ဓမ္မပဒ၊မလ၀ဂ်၊လာယုဒါယီဝတ္ထု)


သံကိုသံဖျက်သံချေးတက် သံချေးသည် သံမှာပင်ဖြစ်လာ၍ သံချေးတက်ပြီးလျှင် ထိုသံကိုပင် ပြန်၍စားသကဲ့သို့ ဤအတူ မကောင်းမှု၌လွန်ကျူး၍ကျင့်သောသူကို မိမိကျင့်ကြံမှု မကောင်းမှုကပင်လျှင် ဒုဂ္ဂတိဘ၀သို့ ဆောင်ပို့ကုန်၏။(ဓမ္မပဒ၊မလ၀ဂ်၊ တိဿတ္ထေရ၀တ္ထု)


ချမ်းသာခြင်းအကြောင်း ဘုရားရှင်တို့ ပွင့်ထွန်းပေါ်ပေါက်လာခြင်းသည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။ သူတော်ကောင်းတရားကို ဟောကြားတော်မူခြင်းသည် ချမ်းသာခြင်း၏အကြောင်းဖြစ်၏။ သံဃာ၏ ညီညွတ်ခြင်းသည် ချမ်းသာခြင်း ၏အကြောင်းဖြစ်၏။ စိတ်ဓာတ်ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာခြင်း၏ အကြောင်းဖြစ်၏။ (ဓမ္မပဒ၊ဗုဒ္ဓ၀ဂ်၊ သမ္ဗဟုလဘိက္ခုဝတ္ထု )


ကောင်းမှုပြုသူ၏ကောင်းသောအကျိုး ကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း ကောင်းမှု အကျိုးမပေးသရွေ့ ကာလပတ်လုံး မကောင်းသောအာရုံကို တွေ့မြင်နိုင်သေး၏။ ကောင်းမှုအကျိုးပေးသောအခါ၌မူကား ကောင်းမှုပြုသူသည် ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရတော့၏။(ဓမ္မပဒ၊သဟဿဝဂ်၊ အနာထပိဏ္ဍိက သေဋ္ဌိဝတ္ထု)


စိတ်ကိုစောင့်ရှောက် အလွန်သိမြင်နိုင်ခဲ၍ အလွန့်အလွန်လည်းသိမ်မွေ့လျက် ကောင်းကောင်းဆိုးဆိုး သူကျချင်သည့်အာရုံ၌ ကျနေတတ်သည့်စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။ လုံခြုံအောင် စောင့်ရှောက်ထားသည့် စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။


( ဓမ္မပဒ-စိတ္တ၀ဂ်)


ကောင်းမှုပြုသူ ကောင်းမှုပြုသောသူသည် ဤဘ၀၌လည်းနှစ်သက်ရ၏။ နောင်ဘ၀၌လည်းနှစ်သက်ရ၏။ ပစ္စုပ္ပန် တမလွန် နှစ်တန်သောဘ၀တို့ ၌နှစ်သက်ရ၏။ ငါသည် ကောင်းမြတ်သောအမှုကို ပြုရပေသည်ဟု နှစ်သက်ရ၏။ ထိုသူသည် ကောင်းသောဘ၀သို့ ရောက်သည့်အခါ သာ၍ပင် နှစ်သက်ရ၏။(ဓမ္မပဒ)


စွန့်ရသော သဘော အဆွေအမျိုးတို့ အကျိုးငှါတယောက်သောသူကို စွန့်ရာ၏။ ရွာသူရွာသားတို့အကျိုးငှါ အမျိုးကို စွန့်ရာ၏။ လူအများ၏အကျိုးငှါရွာကို စွန့်ရာ၏။ မိမိကိုယ်ကို စောင့်ရှောက်ခြင်းအကျိုးငှါမြေအပြင် (ရှိလူအပေါင်း)ကို စွန့်ရာ၏။ ( စွယ်စုံ နီတိကထာ)(ချောင်းဦးမောင်စန္ဒာ)


တရားကို မကျင့်မကြံလျှင် နွားရှင်တို့အားနွားတို့ကို ရေတွက်အပ်နှင်းလိုက်ရသော နွားကျောင်းသားသည် နွားနို့အရသာကို မခံစားရသကဲ့သို့ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကိုများစွာဟောပြောနေသော်လည်း မကျင့်မကြံ မေ့လျော့ပေါ့တန် နေသောသူသည် ပြုထိုက်သည်ကို ပြုသည် မမည်။ မဂ် ဖိုလ် နိဗ္ဗာန် အရသာကို မခံစားရ။(ဓမ္မပဒ)


ပညာရှိ သူတော်ကောင်း စန္ဒကူးပင်သည်ခြောက်သွေ့သော်လည်း မွှေးရနံ့ကို မစွန့်။ ဆင်ပြောင်ကြီးသည်စစ်မြေပြင်သို့ ရောက်သော်လည်းလူတို့၏ မျက်မှောက်၌ တင့်တယ်ခြင်းကို မစွန့်။ ကြံသည် ယန္တရားစက်ဖြင့် ကြိတ်သော်လည်း ချိုသောအရသာကို မစွန့်။ ပညာရှိ သူတော်ကောင်းသည် ဆင်းရဲခြင်းသို့ ရောက်သော်လည်း သူတော်ကောင်းတရားကို မစွန့်။ (လောကနီတိ)


အရူးနှင့် တူသူများ ဥစ္စာမရှိဘဲလျက် အရသာ အစားကြူးသောသူ၊ ခွန်အားမရှိဘဲလျက် အသတ်အပုတ် ကြိုက်သောသူ၊ ပညာမရှိဘဲလျက် စကားလိုလားသောသူ၊ ဤသူတို့သည် အရူးနှင့်တူကုန်၏။(လောကနီတိ)


အမြတ်ဆုံးချမ်းသာ အနာရောဂါကင်းခြင်းသည် အကြီးဆုံးလာဘ် ဖြစ်၏။ တင်းတိမ်ရောင့်ရဲခြင်းသည် အကောင်းဆုံးဥစ္စာ ဖြစ်၏။ အကျွမ်းတ၀င် ချစ်ခင်သောသူသည် အကောင်းဆုံး ဆွေမျိုး ဖြစ်၏။ နိဗ္ဗာန်သည် အမြတ်ဆုံးချမ်းသာ ဖြစ်၏။ ( ဓမ္မပဒ)


ဆိတ်ကွယ်ရာ မရှိ လောက၌ မကောင်းမှုပြုသောသူအားဆိတ်ကွယ်ရာအ၇ပ်မ ည်သည် မရှိ။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ မိမိပြုသောအမှုကို မိမိကိုယ်တိုင် သိ၏။ (တိကအင်္ဂုတ္တိုရ်၊ ၄-ဒေ၀ဒူတ၀ဂ်)


ယနေ့ ပြုလုပ်ပါ ပြုဖွယ်ကိစ္စ ဟူသမျှကို ယနေ့ပင် ပြုလုပ်ပါ။(အချိန်မဆွဲပါနဲ့ ) မနက်ဖြန်၌ သေရမည်ကို အဘယ်သူသည် သိနိုင်အံ့နည်း။ စစ်သည်ဗိုလ်ပါ များလှစွာသော ရှင်သေမင်းနဲ့ ငါတို့မှာ ချိန်းချက်ထားမှု မရှိချေ။ ချိန်းချက်၍မရပေ။


စိတ်ကို စောင့်ရှောက် အလွန်သိမြင်ခဲ၍ အလွန့်အလွန်လည်း သိမ်မွေ့လျက် ကောင်းကောင်းဆိုးဆိုး သူကျချင်သည့် အာရုံ၌ ကျနေတတ်သည့်စိတ်ကို ပညာရှိသည် စောင့်ရှောက်ရာ၏။ လုံခြုံအောင် စောင့်ရှောက်ထားသည့် စိတ်သည် ချမ်းသာကို ရွက်ဆောင်တတ်၏။(ဓမ္မပဒ-စိတ္တ၀ဂ်)


မိမိကိုယ်ကို စောင့်ရှောက် ဘေးရန်ကို တားဆီးခြင်း အကျိုးငှါ ပစ္စည်းဥစ္စာကို စောင့်ရှောက်ရာ၏။ ပစ္စည်းဥစ္စာတို့ထက်လည်းမယားကို စောင့်ရှောက်ရာ၏။ မယားထက်လည်းကောင်း၊ ပစ္စည်းဥစ္စာထက်လည်းကောင်း မိမိကိုယ်ကို နေ့စဉ်မပြတ် စောင့်ရှောက်ရာ၏။ ( စွယ်စုံနီတိကထာ)


မိတ်ဆွေယုတ် မျက်ကွယ်၌အကျိုးစီးပွားကိုဖျက်ဆီးတတ်သော၊ မျက်မှောက်၌ချစ်ဖွယ်စကားကို ဆိုတတ်သောလူကို ကြဉ်ရှောင်ရာ၏။ အကြင်အကြောင်းကြောင့် ထိုသို့သဘောရှိသော မိတ်ဆွေယုတ်ကို နှုတ်ခမ်းဝ၌ နို့ရည်လိမ်းကျံခြင်းရှိသော အဆိပ်ဖြင့်ပြည့်သော အိုးကဲ့သို့ မိတ်ဆွေဖွဲ့၍တည်နေခြင်းကို ရှောင်ကြဉ်ရာ၏။ ( စွယ်စုံနီတိကထာ)


စွန့်ရသော သဘော အဆွေအမျိုးတို့ အကျိုးငှါတယောက်သောသူကို စွန့်ရာ၏။ ရွာသူရွာသားတို့အကျိုးငှါ အမျိုးကို စွန့်ရာ၏။ လူအများ၏အကျိုးငှါရွာကို စွန့်ရာ၏။ မိမိကိုယ်ကို စောင့်ရှောက်ခြင်းအကျိုးငှါမြေအပြင် (ရှိလူအပေါင်း)ကို စွန့်ရာ၏။ (စွယ်စုံနီတိကထာ)


အဆွေခင်ပွန်းကောင်း အကြင်သူသည် -စည်းစိမ်ဥစ္စာ ပြည့်စုံသောအခါ၌၄င်း၊ စည်းစိမ်ဥစ္စာ ပျက်စီးသောအခါ၌၄င်း၊ ငတ်မွတ်ခေါင်းပါးသောအခါ၌၄င်၊ ရန်သူနှင့် ရင်ဆိုင်တိုက်နေရသောအခါ၌၄င်း၊ မင်းအိမ်တံခါးဝ တရားစီရင်ရာသို့ ရောက်သောအခါ၌၄င်း၊ သုသာန်သင်္ချိုင်းသို့ရောက်သောအခါ၌၄င်း၊ မိမိနှင့်အတူတကွ ရပ်တည်လာ၏။ ထိုသူသည် အဆွေခင်ပွန်းကောင်းပင် ဖြစ်၏။ စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။ အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)


No comments: