Monday, May 20, 2013

ရှင်စူဠပန် ၄ လကျက်လို့ မရတဲ့ ဂါထာ သိပါသလား

ှရှင်စူဠပန် ၄ လကျက်လို့ မရတဲ့ ဂါထာ သိပါသလား ဒကာ။ ။ရှင်စူဠပန် လေးလပတ်လုံးကျက်လို့ မရနိုင်တဲ့ ဂါထာဆိုတာ တပည့်တော်တို့ ကျက်မှတ် ရွတ်ဖတ်ချင်လို့ အနက်အဓိပ္ပါယ် ကိုပါ ရေးပေးချီးမြှောက်ပါဦးဆရာတော်၊ ဒီဂါထာကဘုရားသခင် ဟော ကြားသင်ပြပေးတဲ့ဂါထာလားဘုရား။ ဆရာ။ ။ဒီဂါထာက ဘုရားသခင်ဟောကြားသင်ပြပေးတဲ့ ဂါထာတော့ မဟုတ်ပါဘူး၊ သူ့ရဲ့နောင်တော်ဖြစ်တဲ့ မဟာပန်ထေရ်က သူ့ ညီတော် စူဠပန် ကိုရင် သာမဏေကို ကျက်ဆိုခိုင်းတဲ့ဂါထာပါ၊ မြတ်စွာ ဘုရား၏ရူပကာယချောမွေ့လှပ တင့်တယ်ခြင်း အသရေတော်ကို ဖူးမြော် ရန် ဖွဲ့ဆိုထားတာပဲဖြစ်တယ်၊ဘုရားဖူးခိုင်းတဲ့ ဂါထာလို့ မှတ်ရမှာပေါ့။ ပဒုမံ ယထာ ကောကနဒံ သုဂန္ဓံ၊ ပါတော သိယာ ဖုလ္လ-မ၀ီတဂန္ဓံ။ အင်္ဂီရသံ ပဿ ၀ိရောစမာနံ၊ တပန္တ-မာဒိစ္စ-မိဝန္တလိက္ခေ။ ကောကနဒံ သုဂန္ဓံ ပဒုမံ = အရောင်အဆင်း လှပခြင်းကြောင့် ကောကနဒအမည် ရ၍ မွှေးကြိုင်သော ရနံ့ရှိသည့် ပဒုမာကြာသည်။ ပါတော ဖုလ္လမ၀ီတဂန္ဓံ ၀ိရောစမာနံ =နံနက်အခါ ကောင်းစွာပွင့်ြ ခင်း သင်းရနံ့ မကင်းဘဲ ၀င်းဝင်းပပ တင့်တယ်လှသည်။ သိယာ ယထာ = ဖြစ်နေသကဲ့သို့ ဖြစ်နေသလို။ ။တထာ = ထိုနည်းတူစွာ ပုံပမာ။ တပန္တ မာဒိစ္စမိဝန္တလိက္ခေ= ထွန်းလင်းထိန်ထိန် တရှိန်ရှိန် တောက်ပ လျက် ကောင်းကင်ထက်က ပေါ်ထွက်၍လာသော နေ၀န်းကြီးကဲ့သို့။ အင်္ဂီရသံ ပဿဝိရောစမာနံ = ကိုယ်တော်ဒြပ်မှ တဖြတ်ဖြတ် တလက်လက် ရောင်ခြည်တွေထွက်ကာ တင့်တယ်လှစွာသော ဘုရားမြတ်ရတနာကိုကြည် ညိုစိတ်ရွှင် သဒ္ဓါဝင်၍ဖူးမြင်လိုက်စမ်းပါလော့ တဲ့။ ကဲ...အဲဒီ ဂါထာတပုဒ်ကို လေးလတိုင်တိုင် ကြိုးစားအားထုတ် ရွတ်ဖတ်ကျက်မှတ်နေပေမယ့် မရနိုင်ဘဲ မေ့ပျောက် မေ့ပျောက်ကာသာ သွား နေလို့ သူ့နောင်တော် အရှင်မဟာပန္ထက မထေရ်မြတ်က နှင်ထုတ်လိုက်တော့ ကျောင်းတော်ရဲ့ ချောင်ထဲမှာ ကုပ်ပြီးငိုနေတယ်တဲ့။ အဲဒါဟာ ကဿပဘုရားမြတ်လက်ထက်က သူက စာတတ် ဉာဏ်ကောင်းတဲ့ရဟန်းဖြစ်ခဲ့တော့ ဉာဏ်ထိုင်းဉာဏ်လေးတဲ့ အခြားရဟန်းတွေ ကို ကဲ့ရဲ့လှောင်ပြောင်အထင်သေးခဲ့တဲ့ဝဋ်ကြွေးက လိုက်လာတာတဲ့၊ အကျယ် သိချင်ရင် ဓမ္မပဒကျမ်းမှာ ရှာကြည့်ကြပေတော့၊ကိုယ်က ဉာဏ်ကောင်းတိုင်း ဉာဏ်ထိုင်း ဉာဏ်လေးတဲ့ သူတွေကို အထင်သေးကဲ့ရဲ့ခြင်း မလုပ်ရဘူးနော်၊ မာန မကြီးရဘူး။ ဒကာ။ ။ဒါလောက်သိရတာကိုပဲ ကျေးဇူးတင်လှပါပြီဆရာတော်၊ ဒီဂါထာရတာနဲ့ ၀မ်းသာလှပါပြီဘုရား၊မာနဆိုတာ ဘာမှ မလုပ်ရဘဲနဲ့ လူမုန်းခံရ တာသက်သက်မို့ ဘယ်တော့မှ မာန်မတက်ပါဘူးဆရာတော်။


အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


No comments: