Sunday, May 12, 2013

နှစ်သိမ့်ခြင်း 'ပီတိ'လျှင်

ှနှစ်သိမ့်ခြင်း  'ပီတိ'လျှင် ... •••••••••••••••••••••••• အခါတစ်ပါး၌မြတ်စွာဘုရားသည်မဂဓတိုင်း ပဉ္စသာလာမည်သော ပုဏ္ဏားရွာ၌ (သီတင်းသုံး) နေတော်မူ၏၊ ထိုအခါ ပဉ္စသာလာမည်သော ပုဏ္ဏားရွာ၌ သတို့သမီးတို့၏ လက်ဆောင်ပေးပွဲတို့သည် ဖြစ် ကုန်၏၊ ထိုအခါ မြတ်စွာဘုရားသည်နံနက်အချိန်၌ သင်းပိုင်ကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ဆောင်ယူပြီးလျှင်ပဉ္စသာလာမည်သော ပုဏ္ဏားရွာသို့ ဆွမ်းခံဝင်တော်မူ၏၊ထိုအခါ ''ရဟန်းဂေါတမ ဆွမ်း မရစေလင့်''ဟု ပဉ္စသာလာမည်သော ပုဏ္ဏားရွာ၌နေကုန်သော ပုဏ္ဏားနှင့် အမျိုးသားတို့ကို ယုတ်မာသော မာရ်နတ်သည် ပူးဝင်၏။


ထိုအခါ မြတ်စွာဘုရားသည် ဆေးပြီးသော သပိတ်ဖြင့် ပဉ္စသာလာပုဏ္ဏားရွာသို့ ဆွမ်းခံဝင်တော်မူ၍ယင်းဆေးပြီးတိုင်းသော သပိတ်ဖြင့်ပင် ပြန်ကြွတော်မူခဲ့ရ၏၊


ထိုအခါ ယုတ်မာသော မာရ်နတ်သည် မြတ်စွာဘုရားထံသ ချဉ်းကပ်၍မြတ်စွာဘုရားအား''ရဟန်းသင်သည် ဆွမ်းရပါ၏လော''ဟုဤစကားကို ဆို၏၊


မာရ်နတ်ယုတ် -ငါဆွမ်းမရနိုင်ရာသော အခြင်းအရာဖြင့် သင်ပြုသည် မဟုတ်လောဟု (မိန့်တော်မူ၏)၊


အသျှင်ဘုရား-သို့ဖြစ်လျှင် မြတ်စွာဘုရားသည် နှစ်ကြိမ်မြောက်လည်းပဉ္စသာလာပုဏ္ဏားရွာသို့ ဆွမ်းခံဝင် တော်မူလော့၊မြတ်စွာဘုရားသည်ဆွမ်းကို ရလတ္တံ့သောအခြင်း အရာဖြင့် အကျွန်ုပ် ပြုအံ့ဟု (လျှောက်၏)။


''မာရ်နတ်သည် မြတ်စွာဘုရားကိုထိပါးချုပ်ချယ်၍ မကောင်းမှုကို ပွားစေ၏၊ မာရ်နတ်ယုတ် အသို့နည်း 'ငါ့အား မကောင်းမှုသည် အကျိုးမပေး'ဟု (သင်) ထင်မှတ်လေသလော။


အကြင်ငါတို့အားရာဂစသော ကြောင့်ကြခြင်း မရှိသည်သာလျှင်တည်း၊ထိုငါတို့သည် စင်စစ် ချမ်းသာစွာ အသက်ရှင်ကုန်၏၊အာဘဿရာဘုံ၌ ဖြစ်ကုန်သော ဗြဟ္မာတို့ကဲ့သို့နှစ်သိမ့်ခြင်း 'ပီတိ'လျှင် အစာရှိကုန်သည် ဖြစ်ကုန်အံ့''ဟု (မိန့်တော်မူ၏)။


ထိုအခါ ယုတ်မာသော မာရ်နတ်သည် ''မြတ်စွာဘုရားသည် ငါ့ကို သိတော်မူ၏၊ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည်ငါ့ကို သိတော်မူ၏''ဟု ဆင်းရဲခြင်း နှလုံးမသာခြင်း ရှိသည် ဖြစ်၍ ထိုအရပ်၌ပင်လျှင်ကွယ်ပျောက်လေ၏။


( မာရသံယုတ်။ပိဏ္ဍသုတ် )


No comments: