အေလာဘအေ ကြာင်း
မလိုချင်မူသဘောသည် အလောဘတရားတည်း။ထို့ကြောင့် “အလောဘလျှင်၊ မလိုချင်တည်း”ဟု ဆိုခဲ့သည်။ဤအလော ဘ၏ မလိုချင်မူသည် လောဘနှင့် ပြောင်းပြန်ဖြစ်၏။မီးနှင့်ရေ ပမာ ကမ္ဘာ့ရန်ဘက်ကဲ့သို့ဖြစ်ရကားလောဘ၏လိုချင်အပ် သော အရာမှန်သမျှကို အလောဘက မလိုချင်ချည်းဖြစ်သည်။ မျက်မြင်အားဖြင့်လောဘသမားနှင့် အလောဘသမားတို့ ကွာ ခြားပုံကို သတိပြုပါ။
လောဘဘုန်းကြီး လောဘသမားသည် ဘုန်းကြီးဖြစ်လျှင် ပစ္စည်းလာဘ်ကို လိုချင် ၏။မိမိကိုလှူချင်လာအောင် ဆွယ်တရားဟော၏။ရပြန်လျှင် လည်းထိုပစ္စည်းကို မလှူရက် မပေးရက်၊ အလွန်မက်မော၏။ ထိုပစ္စည်းရမူကိုအကြောင်းပြု၍“အာဂ---ငါပဲ”ဟု စိတ်ကြီးဝင် လိုက်သေး၏။လှူဒါန်းနိုင်သော ဒကာ ဒကာမများကို အောက် ကျို့၍ဆက်ဆံရသဖြင့် မိမိ၏အောက်ကျပုံကိုကားသတိမရ ရှာချေ။
လောဘလူ လောဘသမားလူပုဂ္ဂိုလ်များသည် ဤနည်းပင်တည်း။ ပစ္စည်း ဥစ္စာကို (တရားသည့် မတရားသည့် မစိစစ်နိုင်တော့ဘဲ) မရမက “ ရှာဖွေလေ့ရှိ၏။ရပြန်လျှင်လည်း တင်းမတိမ်နိုင်၊“ရလေလိုလေ အိုတစ္ဆေ”သာ ဖြစ်၏။ တစ်သက်လုံးအချိန်ရှိသမျှ စု၍ရသော ပစ္စည်းတွေကို “ငါ့ဟာ ငါ့ဟာ”ဟု လွန်စွာစွဲလမ်းစဉ် သေမင်းငင် သောအခါ ပြိတ္တာဘောင်သို့ထိုဥစ္စာများကပင်ပို့ဆောင်တတ် လေသည်။လောဘသည် ဤအခြေအနေရောက်အောင် ဆိုးရွား လှချေတကား။
အလောဘဘုန်းကြီး အလောဘကား ဤသို့မဟုတ်။ဘုန်းကြီးဖြစ်လျှင် ပစ္စည်ကို မခင် မင်။အဆင်သင့်ရသည်ကိုမသာယာ။ ဒကာဒကာမတို့က ကုသိုလ် လိုချင်၍စွန့်ကြဲလိုက်သော စာလုံးစားပေါက် ကလေးများကို ဧရာမ လာဘ်လာဘကြီးဟု ထင်နေကြရာ၌ ဘုရားသားတော်အနေနှင့် စဉ်း စား၍မကြည့်သေးဘဲ ယောက်ျားကောင်းတစ်ယောက်အနေနှင့် စဉ်း စားကြည့်ရုံမျှဖြင့် ရှက်ဖွယ်ကောင်းလှပြီဟု အယူရှိဟန်တူ၏။ “ယောက်ျားကောင်း”ဟူသည် မိမိကသာ သူတစ်ပါးတို့အား ပေးကမ်း စွန့်ကြဲသင့်သည်ဟု သဘောထားဟန်လက္ခဏာရှိသည်။ ထို့ကြောင့် အလောဘဓာတ်ခံ ရှိသူသည် ဘုန်းကြီးဖြစ်မူ ပစ္စည်း လာဘ်လာဘကို မက်မောခြင်းမရှိ။
အလောဘလူ လူဖြစ်ပြန်လျှင်လည်းမလွှဲသာ၍ ပစ္စည်းဥစ္စာကို ရှာနေရစေကာမူ မတ ရားသဖြင့် ရှာဖွေခြင်းမရှိ။လောကီအာရုံ ကာမဂုဏ်ကိုလည်း လိုက်စား လေ့မရှိ။ပစ္စည်းရှာရာ၌ဆင်းရဲသားတို့အပေါ် သနားညှာတာလေ့ ရှိ၏။ စွန့်ကြဲပေးကမ်း လှူဒါန်းလေ့ရှိ၏။လှူပြန်လျှင်လည်း တွန့်ဆုတ်တွန့် ဆုတ် မဟုတ်။မုတ္တစာဂီ = လူကောင်းသူကောင်းပီပီ လွတ်လွတ်ကျွတ် ကျွတ် စွန့်လေ့ရှိ၏။ရွှေအိမ်ရွှေနန်းကိုသော်မှလည်း ပြတ်ပြတ်တောက် တောက် စွန့်ခွာ၍ ရိပ်သာပင်နန်းကျောင်းသင်္ခမ်း၌ ရွှင်လန်းမွေ့လျော် စံပျော်နိုင်ကြပေသည်။
ဤသို့လျှင် လောဘသမားနှင့် အလောဘသမားတို့ ကျောချင်းကပ်၍ ပြေးကြသကဲ့သို့ သဘောထားချင်းဝေးလှလေရကား မိမိကိုယ်ကို ပါရမီရှင် သူတော်စင်ဟု အထင်ရောက်နေကြသူတို့သည် ပြခဲ့သော သဘောထားကို စဉ်းစား၍“လောဘသမားလော၊ အလောဘသမား လော”ဟု စစ်ကြောကြည့်ကြပါကုန်။လောဘသမား ဖြစ်နေသေးလျှင် ယခုဘ၀က အမြန်ပြင်ကြပါ။အလောဘသမား ဘက်သို့ ပါဝင်နိုင်သူ ဖြစ်က အခြေခံ အတော်ကောင်းပြီးဖြစ်၍ရှေ့သို့ အဆင့်ဆင့် တိုးတက် ဖို့ရာ အဘက်ဘက်၌သတိထားလျက် အလောဘသမား အစစ်ဖြစ် အောင် အားထုတ်ကြပါကုန်။ အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ် ဖော်ပြပေးထားပါသည်။( မေတ္တာရိပ်ဆိုက်မှ)
No comments:
Post a Comment