Sunday, May 05, 2013

ကျားငစဥ်းလဲအကြောင်း

ကျားငစဥ်းလဲအကြောင်း

ဟိ တောပဒေသ၌ ကျားအိုကြီးစဉ်းလဲပုံကို ပုံဝတ္ထုလုပ်၍ ပြထားသည်မှာ အသိနှင့် ကိုယ်ကျင့် တခြားစီဖြစ်၍နေကြောင်း ထင်ရှားစေတော့သည်။ကျားကြီးကား အတော်အိုပြီ။ရှေးကလို သားကောင်းများကိုလျင်လျင်မြန်မြန်မဖမ်းနိုင်တော့ချေ။ သို့ဖြစ်၍တစ်နေ့သ၌ တောသွားတောလာတို့ ကြားလောက်အောင် ဟစ်အော်သည်မှာ-


“အို-အို ခရီးသွားတို့ ဤရွှေလက်ကောက်ကို ယူလှည့်ပါကုန်” ထိုစကားကို ခရီးသွားတစ်ယောက်ကြား၍အနားလာပြီးလျှင် “ဘယ်မှာလဲရွှေလက်ကောက်”ဟု မေးသဖြင့် ကျားအိုကြီးက လက်ကိုဖြန့်၍ ရွှေလက်ကောက်ကို ပြသောအခါ ထိုခရီးသည်က “သူများအသက်ကို သတ်ဖြတ် စားသောက်လေ့ရှိသော အသင်၏အနား၌ဘယ့်နှယ်လုပ်ပြီးအကျွမ်းတ၀င် ယူဝင့်ဝံ့ပါမည်လဲ”ဟု ပြောလေသော် ကျားကြီးက ပြောသည်မှာ “ကျွန်ုပ်ငယ်ရွယ်စဉ်က တရားကို နားမလည်၍သူများကို သတ်ဖြတ်ခဲ့၏။ထိုသို့ သူများကို သတ်မိခဲ့၍“ကာလိဝိပါက် နောက်ပိုးတက်”သဖြင့် ကျွန်ုပ် သားသမီးနှင့် မယားလည်း ဆုံးလို့ သံဝေဂ ဖြစ်နေတုန်းမှာ သူတော်စင်နှင့် တွေ့၍ “ယနေ့ကစပြီးအလျူဒါနပြုလျက် တရားကျင့်လော့”ဟုသြ၀ါဒ ပေးခဲ့သောကြောင့်ထိုသြ၀ါဒအတိုင်းလိုက်နာနေထိုင်သူ ဖြစ်ပါတယ်။ကျွန်ုပ်ရဲ့လက်သည်းခြေသည်းနှင့် သွားများလည်း လျှောကျကုန်ပြီဖြစ်၍အဘယ်မှာ ကြောက်ရွံ့စရာ ရှိပါတော့မည်လဲ။


ကျွန်ုပ်မှာ လောဘဆိုလို့ အလွန်နည်းပါးနေပါပြီ။ကျွန်ုပ်၏ လက်မှာရှိနေသော ဤရွှေလက်ကောက်ကို တစ်စုံတစ်ယောက်အားပေးချင်နေတာကို ကြည့်ပါတော့။ သည်တော့ကားကျွန်ုပ်က ဘယ်မှာ သင့်ကို သတ်ဖြတ်တော့မည်လဲ။ကျွန်ုပ်ကြားဖူးသော တရားစုမှာလည်း “သူများမယားကို ကိုယ်၏မိခင်လို သဘောထား၍ သူများဥစ္စာကို ကျောက်ခဲသလဲများလို သဘောထားပြီးလျှင် သတ္တ၀ါဟူသမျှကို ကိုယ်နှင့် မခြားအောင် စိတ်ထားနိုင်မှ ပညာရှိ သူတော်ကောင်း”ဟုမိန့်ဆိုချက် ရှိလေတော့ “ကျွန်ုပ်လို တရားသိ သူတော်ကောင်းတစ်ယောက်က အဘယ်မှာ သူ့အသက်ကို သတ်ရက်တော့မှာလဲ။သို့ဖြစ်၍ဤ ရေအိုင်မှာ ရေဆင်းချိုးပြီးစင်စင်ကြယ်ကြယ်နှင့် ကျွန်ုပ်လက်ကောက်ကို အလှူခံပါ”ဟု ပြောလေသော် -


ထိုစကားကို ယုံကြည်မိသော ခရီးသွားသည် ရေချိုးရန် ဆင်းလျှင်ဆင်းခြင်း ညွှန်၌ ကျွံလေ၏။ ထိုအခါ သူတော်စင်ကျားကြီးက “ဟား-ဟား၊ညွှန်ထဲနစ်နေသကိုး၊ ကျွန်ုပ်ဆယ်ပါ့မယ်”ဟု ပြောပြော ဆိုဆို အနားသို့ ကပ်ကာ သတ်စားလေသည်။


ဤပုံဝတ္ထုကို ထောက်၍အသိသည် အသိမျှဖြစ်ကြောင်း သိသလောက် ကိုယ်ကျင့်တရားမရှိလျှင် ကျကျနန ယုတ္တိယုတ္တာနှင့်စဉ်းလဲတတ်သဖြင့် မသိ၍ ဆိုးရွားနေသူတို့ ထက်ပင် ကြောက်ဖွယ် ကောင်းကြောင်း နားလည်ကာ ဤကျမ်းစာရူသူတို့မှာ သိရုံနှင့် မပြီးကြဘဲ သိသည့်အတိုင်း ကိုယ်ကျင့်ကောင်းသူများချည်း ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်ထပ်လောင်း၍ သတိပေးရပါသတည်း။ အရှင်ဇနကာဘိဝံသ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ ထုတ်နူတ်ဖော်ပြပေးထားပါသည်။


No comments: