Monday, May 06, 2013

အတ္တအယူ ဘယ်မှာရှိသနည်း။

အတ္တအယူ ဘယ်မှာရှိသနည်း။


လောကတွင် ရုပ်နာမ်ဓမ္မ သင်္ခါရ တရားအားလုံးတို့သည် အနတ္တ တရားများသာ ဖြစ်ကြပါသည်။


ထိုရုပ်နာမ်တရားတို့ အပေါ်တွင် အတ္တအနေဖြင့် မနောတွင် အယူမှားနေခြင်းသာ ဖြစ်သည်။ဒိဋ္ဌိငါ၊တဏှာငါ၊ မာနငါဟူသော အတ္တအယူမှားဖြင့် ပြင်းစွာ စွဲလန်းနေကြခြင်းသာ ဖြစ်သည်။


ယင်း ဒိဋ္ဌိငါ၊ တဏှာငါ၊မာနငါတို့ဖြင့် စွဲလန်းနေသော အတ္တအယူသည် မျက်စိ၊ နား၊ နှာ၊လျှာ၊ကိုယ်တို့တွင် မရှိပါ။ မနောတွင်သာ ရှိခြင်းဖြစ်ပါသည်။


ဝိပဿနာအလုပ် အားထုတ် ရခြင်းသည် ဒိဋ္ဌိငါ၊ တဏှာငါ၊မာနငါ ဆိုသော အတ္တအယူ ဖြစ်သည့် ကိလေသဝဋ်ကို ပယ်ရခြင်းဖြစ်ပါသည်။


မျက်စိ၊နား ၊နှာ၊ လျှာ၊ကိုယ်၊မနောတို့သည် ဝိပါကဝဋ် အနေဖြင့် အကျိုးတရားများသာ ဖြစ်ကြပါသည်။ ထို့ကြောင့် အနတ္တ တရားများသာ ဖြစ်ကြပါသည်။


သို့သော် မနောတွင် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ဆိုသော ကိလေသဝဋ်နှင့် သင်္ခါရ၊ကံ ဆိုသော ကမ္မဝဋ်တို့ ဖြစ်ပေါ်နေခြင်းကြောင့် အကြောင်းတရားများဖြစ်ပေါ်ကာ နောက်ဘဝ နောက်ခန္ဓာ ဆိုသော အကျိုးတရားများ ဖြစ်ပေါ်စေပါသည်။


မနောတွင် အဝိဇ္ဇာ၊ တဏှာ၊ ဥပါဒါန် ဆိုသော ကိလေသဝဋ်သည် ဒိဋ္ဌိငါ၊ တဏှာငါ၊ မာနငါ ဟူသော အတ္တ အယူမှားဖြင့် ရှိနေခြင်း ဖြစ်သည်။


ဝိပဿနာအလုပ် အားထုတ် ရခြင်းသည် သာသနာ၏ အနှစ်ဖြစ်သော မဂ္ဂသစ္စာ ဖြစ်သည့် မဂ္ဂင် ရှစ်ပါးကို မနောတွင် အတ္တ အယူမှားမှ အနတ္တအယူမှန်သို့ရောက်အောင် သစ္စာလေးပါးကို မျက်မှောက်ပြုခြင်း အားဖြင့် ပွားများအားထုတ်ရခြင်း ဖြစ်ပါသည်။


( ဒိဋ္ဌိငါ၊ တဏှာငါ၊ မာနငါ )တို့ကို အကျယ်ဖတ် ရှုလိုပါက ဆရာကြီးဦးရွှေအောင် ၏"အတ္တဝါဒမှ အနတ္တဝါဒသို့ ခရီးစဉ်" စာအုပ်တွင် ဖတ် ရှုလေ့လာနိုင်ပါသည်။


ဒေါက်တာစိုးလွင် (မန္တလေး)။ —


No comments: