Thursday, May 02, 2013

နှစ်သက်ခြင်းလည်းမရှိ၊ ဆင်းရဲခြင်းလည်း မရှိ။

ှနှစ်သက်ခြင်းလည်းမရှိ၊ ဆင်းရဲခြင်းလည်း မရှိ။ •••••••••••••••••••••••••••••••••••••••••

အခါတစ်ပါး၌မြတ်စွာဘုရားသည် သာကေတ မြို့ဝယ် သားတို့အားဘေးမဲ့ပေးရာ အဉ္ဇနတော၌ (သီတင်းသုံး) နေတော်မူ၏၊ထိုအခါ ကကုဓနတ်သားသည် ညဥ့်ဦးယံလွန်ပြီးသော (သန်းကောင်ယံ)အချိန်၌ အလွန်နှစ်သက်ဖွယ်သော အဆင်းရှိသည်ဖြစ်၍ အဉ္ဇနတောအလုံးကို ထွန်းလင်းစေလျက် မြတ်စွာဘုရားထံသို့ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင်တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရားအား . .


''ရဟန်း- နှစ်သက်၏လော''ဟု ဤစကားကို လျှောက်၏၊


''အချင်းနတ်သား- အဘယ်ကို ရ၍နှစ်သက်ရမည်နည်း ''ဟု မေးတော်မူ၏၊


''ရဟန်း- သို့ဖြစ်လျှင် စိုးရိမ်ပါသလော' 'ဟု လျှောက်၏၊


''အချင်းနတ်သားအဘယ်ဝတ္ထုသည် ဆွေးမြေ့သည်ဖြစ် ၍ စိုးရိမ်ရမည်နည်း''ဟု မေးတော်မူ၏၊


''ရဟန်း- သို့ဖြစ်လျှင် နှစ်သက်လည်းမနှစ်သက်၊ စိုးရိမ်လည်းမစိုးရိမ်ပါသလော''ဟု လျှောက်၏၊


''အချင်းနတ်သားသင်ဆိုတိုင်းဟုတ်၏''ဟု (မိန့်တော်မူ၏)။


''ရဟန်း- အသို့နည်း။သင်သည် ဆင်းရဲ မရှိသလော။ အသို့နည်း။(သင့်အား) နှစ်သက်ခြင်းမရှိသလော။ တစ်ယောက်တည်း နေလေ့ရှိသော သင့်ကို အသို့နည်း။ မမွေ့လျော်ခြင်းသည် မနှိပ်စက်သလော''ဟု (လျှောက်၏)။


''နတ်သား- ငါဘုရားသည် စင်စစ် ဆင်းရဲ ကင်း၏၊ ထိုမှတစ်ပါး (ငါ့အား) နှစ်သက်ခြင်းမရှိ၊ ထိုမှတစ်ပါး တစ်ယောက်တည်းနေလေ့ရှိသော ငါဘုရားကို မမွေ့လျော်ခြင်းသည် မနှိပ်စက်''ဟု (မိန့်တော်မူ၏)။


''ရဟန်း- သင်သည် အဘယ်သို့ ဆင်းရဲကင်းသနည်း၊ (သင့်အား) နှစ်သက်ခြင်းမရှိသနည်း၊ အဘယ်အကြောင်းကြေင့် တစ်ယောက်တည်း နေလေ့ရှိသော သင့်ကို မမွေ့လျော်ခြင်းသည် မနှိပ်စက်သလော''ဟု (လျှောက်ပြန်၏)။


''နတ်သား- ဆင်းရဲဖြစ်သော သူအားစင်စစ် နှစ်သက်ခြင်းသည် ဖြစ်၏။ နှစ်သက်ခြင်း ဖြစ်သောသူအားစင်စစ် ဆင်းရဲခြင်းသည် ဖြစ်၏၊ ရဟန်းသည် နှစ်သက်ခြင်းလည်းမရှိ၊ ဆင်းရဲခြင်းလည်းမရှိ၊ ဤသို့ သိလော့''ဟု (မိန့်တော်မူ၏)။


''နှစ်သက်ခြင်းမရှိသော .. ဆင်းရဲခြင်းမရှိသော .. လောက၌ တဏှာကို ကူးမြောက် ပြီးသော .. မကောင်းမှုကို အပပြုပြီးသော .. ငြိမ်းအေးပြီးသောရဟန်းကို ကြာမြင့်မှ ဖူးမြင်ရလေစွတကား''ဟု (လျှောက်၏)။


(အနာထပိဏ္ဍိကဝဂ်။ ကကုဓသုတ် )


No comments: