Friday, May 03, 2013

အကောင်းမြင်ဝါဒနှင့် ယောနိသော မနသိကာရ

"အကောင်းမြင်ဝါဒနှင့် ယောနိသော မနသိကာရ…" ••••••••••••••••••••••••••••••••••••••••••• ဝေါဟာရ တစ်ခု၏အဓိပ္ပါယ် ဖွင့်ဆိုချက်အရ “အကောင်းဘက်က ရှုမြင်တတ်သည့် အလေ့အကျင့်”ကို အကောင်းမြင်ဝါဒဟုဆိုပြီး“အသင့်အားဖြင့် နှလုံးသွင်းခြင်း” ကို ယောနိသော မနသိကာရဟု ဆို၏။အရာရာကို ကောင်းသည့်ဘက်၊ကောင်းသည့်ရှုထောင့်မှသာ မြင်တတ်ကြည့်တတ်သည့် အလေ့အကျင့်သဘောက အကောင်းမြင်ဝါဒဟုဆို၍အကြောင်းအရာ တစ်ခုခုကို သင့်လျော်လျောက်ပတ်အောင် နှလုံးသွင်းခြင်း၊စဉ်းစားခြင်း၊ ရှုမြင်ခြင်းကို ယောနိသော မနသိကာရဟုဆိုလေ့ရှိ၏။ တိုတိုနှင့်လိုရင်း အဓိပ္ပါယ် အနေဖြင့် ပြောရလျှင် “အကောင်းမြင်းခြင်း”နှင့်“နှလုံးသွင်းမှန်ကန်ခြင်း”ဟု ဤစကားနှစ်ရပ်ကို အလွယ်မှတ်သားနိုင်၏။အကောင်းမြင်ခြင်းနှင့်နှလုံးသွင်းမှန်ကန်ခြင်းတို့သည် ဆက်စပ်မှု ရှိနေ၏။ တစ်နည်းအားဖြင့်ဆိုသော် တူညီသည့် သဘောကို ဆောင်နေ၏။အကောင်းမြင်တတ်ခြင်းသည် နှလုံးသွင်းမှန် ခြင်းကြောင့် ဖြစ်ပြီးနှလုံးသွင်းမှန်ခြင်းသည်လည်း အကောင်းမြင်တတ်သဖြင့်သာ ဖြစ်လေ့ရှိတတ်၏။ထို့ကြောင့် အကောင်းမြင်ခြင်းနှင့်နှလုံးသွင်းမှန်ကန်ခြင်းသို့မဟုတ် အကောင်းမြင်ဝါဒနှင့် ယောနိသော မနသိကာရတို့သည်“ ကွဲသလိုလိုနှင့်တွဲနေတတ်သည့်တရား၊မတူသလိုလိုနှင့် တူနေတတ်သည့်တရား”ဟု ဆိုကြခြင်းဖြစ်၏။


ဆိုလိုသည်မှာ လူအမျိုးမျိုးစရိုက်အမျိုးမျိုးရှိသည့် ပုဂ္ဂိုလ်များနှင ဆက်ဆံကြရာတွင် အဆင်ပြေပြေ ဖြစ်ကြစေရန်၊အပြစ်မမြင်ဘဲ အချစ်ဝင်ကြစေရန် အကောင်းမြင်တတ်သည့် အလေ့အကျင့်များ ရှိရန်လိုသကဲ့သို့ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းမည့်အရေးအထောက်အကူပေးမည့ ကုသိုလ်တရားတိုးပွားရေးမှာလည်းကုသိုလ်ဖြစ်ကြောင်း အထောက်အပံ့ တစ်ခုဖြစ်သည့် ယောနိသော မနသိကာရခေါ် နှလုံးသွင်းမှန်ကန်ရေးသို့မဟုတ် ကုသိုလ်ဖြစ်ရန် နှလုံးသွင်းတတ်ရေးသည် အရေးကြီးကြောင်းဆိုလိုရင်းဖြစ်ပါ၏။


အကောင်းမြင်တတ်လျှင် အပြစ်အဖြစ် သက်သာပြီး နှလုံးသွင်းမှန်လျှင် အကုသိုလ်အဖြစ် နည်းကာကုသိုလ်ဖြစ်ရန် ပိုအားသန်၏။ထို့ကြောင့် မည်သည့်ပုဂ္ဂိုလ်၊မည်သည့်အရာကိုပဲ ကြည့်ကြည့် အကောင်းဘက်က ကြည့်နိုင်အောင် ကြိုးစားကြရန်နှင့် မြင်သမျှ၊ကြားသမျှ အစစ အဖုံဖုံ ထိုထိုအာရုံများနှင့် ကြုံတွေ့သည့် အခါတွင်လည်း အကုသိုလ်မဖြစ်ဘဲ ကုသိုလ်ဖြစ်စေရန်အတွက် ယောနိသောမနသိကာရ ထားနိုင်အောင် ကြိုးစားကြရန် တိုက်တွန်းကြခြင်းဖြစ်၏။


မှန်၏။ လူ့လောကတွင် နေထိုင်ကျင်လည်ကြသည့်အခါ ၀ါသနာမတူ၊အကျင့်စရိုက်မတူ၊စိတ်သဘောထား မတူကြသည့် လူအမျိုးမျိုးနှင့် တွေ့ကြုံနေကြရသဖြင့် စိတ်ထားမတတ်လျှင်နေ့စဉ်နေ့တိုင်းအကုသိုလ်အပြစ် ဖြစ်ဖွယ်များနှင့်ကြုံတွေ့ရတတ်၏။တစ်စုံတစ်ဦး၏အပြုအမူ၊ အပြောအဆို၊အနေအထိုင်များသည်တစ်ခါတစ်ရံ မိမိတို့အတွက် အကုသိုလ်ဖြစ်ဖွယ်များ ဖြစ်နေတတ်သည်ကို သတိပြုမိကြမည်ဖြစ်၏။ထိုသူတို့သည် မည်သည့်သဘော မည်သည့်ရည်ရွယ်ချက်ဖြင့်မည်သို့နေထိုင်လေ့ရှိသည်ကို မသိနိုင်သော်လည်းကြည့်နေမြင်နေသည့်မိမိသည် အကယ်၍ စိတ်ထားမတတ်၊ နှလုံးသွင်း မမှန်လျှင်ထိုသူတို့ကို အမှီပြု၍ မိမိမှာ အလိုလို အပြစ်ဖြစ်နေတတ်၏။ထိုသို့အပြစ်ဖြစ်တတ်မှု၏ အကြောင်းရင်းမှာ အကောင်းမမြင်တတ်၊တစ်နည်းအားဖြင့် နှလုံးသွင်းမမှန်ကန်သည့် အတွက်ကြောင့်ပင် ဖြစ်၏။ထို့ကြောင့် မည်သူ့အပေါ်ပဲ ဖြစ်ဖြစ် အကောင်းမြင်တတ်အောင် ကြိုးစားသင့်ကြောင်း ဆိုခြင်းဖြစ်၏။


အကောင်းမြင်တတ်လျှင် ထိုအခိုက်အတန့်တွင် အကုသိုလ်အဖြစ်သက်သာမည်မှာ အမှန်ပင်ဖြစ်၏။ ဘာပဲဖြစ်ဖြစ် အကောင်းဘက်က ရှုမြင်တတ်သဖြင့် မိမိစိတ်တွင်လည်းရှေးဦးစွာ ကောင်းသည့်စိတ်များ ဖြစ်ပေါ်နေတတ်၏။အဆိုးမြင်တတ်သည့်သူတစ်ယောက်သည် အရာရာကို အဆိုးဘက်ကသာ ကြည့်လေ့ရှိတတ်သဖြင့် သူ၏စိတ်တွင်လည်းအဆိုးများ၊မကောင်းသည့် အတွေးများက လွှမ်းမိုးထားပြီးသူကိုယ်တိုင်ပင်အကုသိုလ် အပြစ်များ ဖြစ်နေတတ်သည့် သဘောရှိတတ်သော်လည်း အကောင်းဘက်က ရှုတတ်သူသည်ကားအတွေးကောင်း၊ အမြင်ကောင်းများဖြင့် မြင်တတ်ကြည့်တတ်သဖြင့် သူ၏သန္တာန်တွင်လည်းကောင်းသည့်စိတ်ထားများ ဖြစ်နေတတ်၏။ အမှားကို အမှန်ဖြစ်အောင်ကြည့်တတ်သည့် သဘောမျိုးမဟုတ်ဘဲမိမိကိုယ်ကိုယ် မိမိအပြစ်မဖြစ်စေရန် သူတပါး၏ကောင်းကွက်လေးများကို ရှာ၍ကြည့်တတ်သည့ အလေ့အကျင့်မျိုးကို လေ့ကျင့်လေ့ရှိသူသည် အမှန်ပင် အကောင်းမြင်တတ်သူဖြစ်ပြီး အကုသိုလ် အဖြစ်နည်းသူ တစ်ယောက် ဖြစ်နိုင်ပေ၏။ ထို့ကြောင့် လူတိုင်းလူတိုင်း ကောင်းကွက်လေးများတစ်ခုခုရှိတတ်သဖြင့် ထိုကောင်းကွက်လေးများကို ရှာ၍မိမိကိုယ်ကို အပြစ်မဖြစ်အောင်ကြည့်တတ်မြင်တတ်၊နှလုံးသွင်းတတ်ဖ လိုကြောင်းတိုက်တွန်းကြခြင်းဖြစ်ပါ၏။


စကားစပ်၍ ဖတ်ဖူးခဲ့သည့် စာပေများတွင် ဖော်ပြထားသည့် အကောင်းမြင်တတ်စေရန်၊နှလုံးသွင်းမှန်ကန်စေရန်နှင ပတ်သက်သည့် လမ်းညွန်ထားချက်များကိုသတိရမိပါ၏။ “လောကတွင်အချို့သည် အပြောကြမ်းပြီး စိတ်ထားကောင်းသည်ကို တွေ့ရတတ်ကြောင်း၊ထိုသူများကို အပြောကြမ်းသည်ကိုမကြည့်ဘဲ စိတ်ထားကောင်းသည အချက်ကိုကြည့်၍ဆက်ဆံသင့်ကြောင်း၊အချို့သည် အပြောချိုသော်လည်းစိတ်သဘောထားယုတ်ညံ့တတ်ကြောင်း၊ ထိုသူများကို စိတ်ဓာတ်မကောင်းသည်ကို မကြည့်ဘဲ နှုတ်ချိုတတ်သည့်အချက်ကိုပင်ယူ၍ဆက်ဆံသင့်ကြောင်း၊ အချို့သည် အပြောလည်းကြမ်း၊ စိတ်ထားလည်း မကောင်းတတ်သော်လည်းတစ်ခါတစ်ရံ ကောင်းသည့် အချက်လေးများရှိတတ်ကြောင်း၊ ထိုသူများကို တစ်ခါတစ်ရံ ကောင်းသည့်အချက်လေးကိုပင် ယူ၍ဆက်ဆံသင့်ကြောင်း၊ အချို့ကားစိတ်ထားလည်းမကောင်း၊အပြောလည်းကြမ်းသ ည့်အပြင်မည်သည့်အခါမှလည်းကောင်းလာမည် မဟုတ်သည့် သူများဖြစ်နေတတ်ကြောင်းထိုသူများကိုကား အပြစ်အဖြစ်မခံတော့ဘဲ ဥပေက္ခာပြု၍သာ ဆက်ဆံသင့်ကြောင်း” စသည်ဖြင့် တစ်စုံတစ်ယောက်နှင့် ပတ်သက်၍မိမိကိုယ်ကို အပြစ်မဖြစ်စေရန် အကောင်းဘက်က ရှုမြင်တတ်သည့် အလေ့အကျင့်များ လုပ်သင့်ပုံကို ဖတ်ဖူးခဲ့သည့် စာပေအချို့က လမ်းညွှန်ပြသထားလေ၏။


မည်သို့ဆိုစေ။သေချာသည်မှာ အကောင်းမြင်တတ်ခြင်းသည် အပြစ်အဖြစ်သက်သာသည်မှာ အသေအချာပင် ဖြစ်ပါ၏။ သေချာတွေးကြည့်လျှင် လူတိုင်းလူတိုင်းကိုယ်စီအားနည်းချက်များရှိတတ်ကြသည်ဖြစ်ရာ ထိုအားနည်းချက်ကိုကြည့်ပြီး ဆက်ဆံကြလျှင်ကားဆက်ဆံရေးအဆင်ပြေဖွယ် မရှိတတ်လှပေ။ထို့အပြင် အဆိုးမြင်တတ်သည့ အကျင့်လေးများရှိနေပြန်လျှင်လည်းမကောင်းသည့် အတွေးအမြင်က ရှေးဦးစွာ နေရာယူထားသဖြင့် မည်သူ့ကိုကြည့်ကြည့် မကောင်းသည့်အချက်၊အားနည်းသည့် အချက်ကိုပင် တွေ့နေရမည်ဖြစ်၏။ထိုသို့ အားနည်းချက်နှင့ မကောင်းသည့်အချက်ကို ကြည့်မိပြီဆိုလျှင်ကားမိမိသန္တာန်တွင် ထိုသူအပေါ်မှာ အကောင်းမြင်ပေးရန် မလွယ်လှဘဲ မကောင်းသည့် အတွေးအမြင်များဖြင့် အကုသိုလ်အပြစ်များသာ ဖြစ်ပေါ်တတ်သည့် သဘောရှိ၏။ဤသည်မှာ အကောင်းမြင်တတ်သည့် အကျင့်မရှိဘဲ အဆိုးကိုသာ ကြည့်တတ်သောကြောင့် ဖြစ်၏။ထို့ကြောင့် အကောင်းမြင်တတ်လျှင် အပြစ်အဖြစ် သက်သာသဖြင့် အကောင်းမြင်နိုင်အောင် ကြိုးစားသင့်ကြောင်း ဆိုခြင်းဖြစ်၏။


စာရေးသူ ရန်ကုန်မှာရှိစဉ်က အဖြစ်အပျက်လေးတစ်ခု ဖြစ်၏။ ကျောင်းမှာ အလှူရှိသဖြင့်ဧည့်သည်ပေါင်းစု လာကြသည့်အထဲတွင် အင်္ဂလိပ်စာ သင်ပေးခဲ့ဖူးသည့ တပည့်ကျောင်းသားကျောင်းသူများလည်းရောက်လာကြ၏။ ကျောင်းရောက်ရောက်ချင်းဘုရားနှင့်ဘုန်းကြီးကို ဦးချပြီး ဟိုဟိုဒီဒီကြည့်ကာ ဒကာမလေး တစ်ယောက်က“ဘုန်း ဘုန်းဘုရား… ကျောင်းမှာရှိတဲ့အဲဒီလိုက်ကာတွေက ဘယ်သူလှူထားတာလဲ…၊ လှူတဲ့သူကလည်း အဲဒီအရောင်ကြီးမှရွေးလှူရတယ်လို့…၊ လှလည်းမလှဘဲနဲ့၊ ဘယ်လိုမျက်စိနဲ့ကြည့်ပြီး လှူထားလဲ မသိပါဘူး၊အနုပညာ မျက်စိမရှိလိုက်တာ…”စသည်ဖြင့်ဆိုပြီးသူ့စိတ်ထင်ရာကို အသံကျယ်ကြီးနှင့်ပြောဆို လျှောက်ထားလိုက်၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူပြောနေသည့်အချိန်တွင် အလှူရှင် ဒကာမကြီးကလည်း မနီးမနားမှာ ရှိနေခဲ့၏။လူကြီးတစ်ယောက်ြ ဖစ်သဖြင့် အခြေအနေကို သိသော်လည်းဘာမှမပြောဘဲ သူတို့လေးတွေ ပြန်သွားမှစာရေးသူ အနားကိုရောက်လြာ ပီး“ဆရာတော်ဘုရားတပည့်တော်လှူထားတဲ့ လိုက်ကာတွေက မကောင်းလို့လားဘုရား…၊ဒါဆို တပည့်တော် ပြန်လဲလိုက်မယ်ဘုရား..”လို့ စိတ်မကောင်းသည့် အမူအရာဖြင့် လျှောက်လေ၏။စာရေးသူက “နေပါစေ ဒကာမကြီးဒီအတိုင်းပဲ ထားလိုက်ပါ၊ အဆင်ပြေပါတယ်၊ ဒကာမကြီးအနေနဲ့ ခုလို ဟိုကပြော၊ဒီကပြောလို့သာ လိုက်ပြီးလှူထားတာတွေ လဲနေမယ်ဆိုရင် ဆုံးမှာမဟုတ်တော့ဘူး၊လူတစ်ကိုယ်အကြို က်တစ်မျိုး ဆိုတော့ သူ့အကြိုက်သူပြောကြမှာပဲ၊ အဓိကကတော့ ကိုယ့်စိတ်ကို သန့်ရှင်းပြီးစေတနာပြတ်ဖို့ အဓိကပါပဲ…”ဟု ပြောသိမ့်စကားပြောပေးခဲ့ရသေး၏။


ဤအဖြစ်အပျက်လေးမှာလက်တွေ့ဖြစ်ခဲ့သည့် အဖြစ်တစ်ခု ဖြစ်ပါ၏။လောကတွင် ဤကဲ့သို့သော သူများရှိနေသည်မှာ အမှန်ပင်ဖြစ်ပါ၏။အကောင်းဘက်က ရှုမြင်တတ်သည့် အလေ့အကျင့် အားနည်းသဖြင့် ၎င်းတို့ စိတ်အထင် ပြောမိပြောရာ ပြောလိုက်မိတတ်ကြ၏။ထိုသို့အလွယ်တကူ လက်လွတ်စပါယ် ပြောလိုက်မိသဖြင့်မိမိကိုယ်တိုင်လည်း အပြစ်ကလေးများရတတ်သကဲ့သို့ ကြားရသည့် သူများမှာလည်းအတွေးအမျိုးမျိုးဖြင့် စိတ်မှာလေးလံ သွားတတ်၏။အကယ်၍အကောင်းဘက်က ကြည့်မြင်တတ်သူဆိုလျှင် အကောင်းကိုရှာပြီး ပြောဆိုတတ်သဖြင့်မိမိကိုယ်တိုင်လည်းစိတ်အစဉ် ရွှင်လန်းနိုင်သကဲ့သို့ ကြားရသူမှာလည်းပီတိပွားရမည်မှာ အမှန်ပင်ဖြစ်ပါ၏။အကောင်းမမြင်တတ်သည့် အလေ့အကျင့်၊ နှလုံးသွင်း မမှန်သည့်အတွေးအမြင်များသည် ကုသိုလ်ရရေးထက်အကုသိုလ် အပြစ်ဖြစ်နိုင်မှုက ပိုများသဖြင့် မည်သို့ပင်ဖြစ်စေအကောင်းမြင်တတ်ရန်နှင့် နှလုံးသွင်းမှန် စေရန် ကြိုးစားအားထုတ်သင့်ပါပေ၏။


ဆိုလိုသည်မှာ လောကတွင် လူအမျိုးမျိုး၊ အခြေအနေအမျိုးမျိုး၊ ပတ်ဝန်းကျင် အမျိုးမျိုးဖြင့်ကျင်လည်နေကြရသည် ဖြစ်ရာ အမြင်မတတ်၊ အတွေးမတတ်၊အကြည့်မတတ်၊အနေအထိုင် မတတ်လျှင် အပြစ်ဖြစ်ပြီးအကုသိုလ်ဖြစ်တတ်သဖြင့် မည်သည့်အရာ၊ မည်သည့်ပုဂ္ဂိုလ်များဖြင့် တွေ့ဆုံကြံကြိုက်သည်ဖြစ်စေ မိမိတို့အနေဖြင့်အကောင်းဘက်က ရှုမြင်တတ်ရန်နှင့်အကုသိုလ်မဖြစ်အောင် နှလုံးသွင်းမှန်ကန်ရန် ကြိုးစားသင့်ကြောင်း ဆိုလိုပါ၏။တစ်စုံတစ်ခုကိုဖြစ်စေ၊ တစ်စုံတစ်ရောက်ကိုဖြစ်စေမကောင်းအမြင်ဖြင့်အဆိုးများကို ကြည့်တတ်ကြလျှင်အလွယ်တကူ အပြစ်မြင်ကာ အကုသိုလ်ဖြစ်တတ်သဖြင့် ကောင်းကွက်များကိုရှာ၍ အကောင်းကို ကြည့်တတ်ရန် ကြိုးစားအားထုတ်သင့်ကြောင်း အကြံပြုတိုက်တွန်းလိုရင်းဖြစ်ပါ၏။အကောင်းမြင်ခြင်းနှင့် နှလုံးသွင်းမှန်ကန်ခြင်းသည်ကုသိုလ်ရရန်နှင့ အကုသိုလ်အဖြစ်နည်းရန်အထောက်အပံ့ ဖြစ်စေတတ်သဖြင့် မိမိတို့၏စိတ်ကိုအကောင်းဘက်က ကြည့်မြင်တတ်ရန် လေ့ကျင့်သင့်ကြောင်း အသိပေးလိုရင်းဖြစ်ပါ၏။ထိုသို့သာ အကောင်းဘက်က ရှုမြင်တတ်၊ကောင်းသည့်အရာများတွင် နှလုံးသွင်းမှန်ကန်တတ်ကြလျှင် မိမိအတွက်လည်း အပြစ်ကင်းပြီးသူတပါးအတွက်လည်းအကုသိုလ် အဖြစ်နည်းတတ်ကြမည်မှာ အမှန်ပင် ဖြစ်ပါပေ၏။


ထို့ကြောင့် မည်သူမဆိုမိမိတို့၏ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊စိတ်အမူအရာများကိုအမှီပြု၍အကုသိုလ်အပြစ် အဖြစ်လွယ်တတ်ကြရာတွင် အဆိုးမြင်တတ်ခြင်း၊နှလုံးသွင်း မမှန်ကန်ခြင်းတို့ကြောင့်လည်း အကုသိုလ်အပြစ် ဖြစ်နိုင်ကြသဖြင့်ထိုသို့သော အကုသိုလ်အပြစ် ဖြစ်ပွားမှုများ နည်းပါးစေရန် မည်သည့်အရာ မည်သည့်ပုဂ္ဂိုလ်များ အပေါ်တွင်မဆို အကောင်းဘက်က ရှုမြင်နိုင်ရန်နှင့် နှလုံးသွင်းမှန်ကန်နိုင်ရန် မိမိတို့၏စိတ်အစဉ်ကို မမေ့မလျော့သည့် သတိတရားဖြင့် အစဉ်မပြတ် ထိန်းသိမ်းပြုပြ င်သင့်ပါကြောင်းစေတနာစကားမေတ္တာအားဖြင့် နှစ်သစ်စရာ ဓမ္မတစ်ခုအဖြစ် ရေးသားတင်ပြလိုက်ရပါသည်။


စာရေးသူ = မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)


----------------------*----------------------_/|\_ ခပ်သိမ်းသော ရဟန်း၊ရှင်၊လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ အားလုံးဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။ လူအချင်းချင်းလှည့်ပတ်ခြင်း၊ကင်းရှင်းကြပါစေ၊… _/


No comments: