"ကံကောင်းအကြောင်းလှပါစေ - ၂" •••••••••••••••••••••••••••••••• ဒီနေရာမှာ အကုသိုလ်ကံနဲ့ပတ်သက်လို့ အထူးပြောစရာမလိုလှပေမယ့်ကုသိုလ်ကံနဲ့ပတ်သက်လို့ တော့ အကြောင်းမလှတဲ့ ကုသိုလ်ကံနဲ့ အကြောင်းလှတဲ့ ကုသိုလ်ကံရယ်လို့နှစ်မျိုးနှစ်စားရှိတာကိုဗုဒ္ဓဘာသာဝင်တို့ အလေးအနက် သဘောပေါက်ထားဖို့လိုတဲ့အတွက် နည်းနည်းပြောချင်ပါသေးတယ်။
အထက်မှာပြောခဲ့သလို အဝိဇ္ဇာတဏှာဆိုတဲ့ ကိလေသဝဋ်အခြေခံပြီးတော့ ►သုဂတိဘုံဘဝရောက်လိုမှု၊ လောကီ ကောင်းကျိုးချမ်းသာ ကိုရလိုမှုအတွက် မျှော်လင့်တောင့်တပြီးပြုလုပ်တဲ့ တဏှာနိဿိတကုသိုလ်မျိုးရယ်၊ ►မိရိုးဖလာ ဓလေ့ထုံးတမ်းအစဉ်အလာ အလေ့အကျက်များ ကိုသာ ကိလေသာစင်ကြယ်ကြောင်း၊ နိဗ္ဗာန်ရောက်ကြောင်းအဖြစ် ယုံကြည် လက်ခံပြီးပြုလုပ်တဲ့ ဒိဋ္ဌိနိဿိတ ကုသိုလ်မျိုးရယ်၊ ဒီနိဿိတနှစ်မျိုးနဲ့မကင်းတဲ့ကုသိုလ်မျိုးကို ဝဋ္ဋနိဿိတကုသိုလ်လို့ခေါ်ပါတယ်။
♦ ဒီနေရာမှာ ချွင်းချက်အနည်းငယ်ရှိတာကိုလည်း သိထားရပါမယ်၊ဘဝသမ္ပတ္တိကို တောင့်တတယ်ဆိုသော်လည်း "အလောင်းတော် စမ္ပေယျနဂါးမင်း၊သင်္ခပါလနဂါးမင်းတို့လို ပါရမီဖြည့်ခွင့်ရအောင် လူဘဝကို တောင့်တမှုမျိုးကား တဏှာ နိဿိတ မဆိုသာ"လို့လယ်တီဆရာတော်ဘုရားကြီးက "ဥတ္တမပုရိသဒီပနီ"မှာ မှတ်ချက်ပြုပါတယ်။
အလားတူပဲ မိရိုးဖလာ ထုံးတမ်းအစဉ်အလာ အလေ့အကျက်များကိုပြုလုပ်ရာမှာလည်း"မိမိတို့ရဲ့ ဓလေ့ထုံးတမ်းအကျင့်မျှနဲ့သာ သံသရာက လွတ်မြောက်နိုင်တယ်၊ တခြားစင်ကြယ်ရေး နည်းလမ်းမရှိ"လို့ခံယူပြီးဝိပဿနာ,မဂ်,ဖိုလ်တို့ကို ပစ်ပယ်ပြုလုပ်တဲ့ကုသိုလ်ကိုသာ "ဒိဋ္ဌိနိဿိတ"လို့ဆိုရတာပါ။
မြတ်ဗုဒ္ဓ ဟောညွှန်တဲ့ သီလသိက္ခာ,သမာဓိသိက္ခာ၊ ပညာသိက္ခာတို့ကိုမပစ်ပယ်ဘဲ အများနှင့်မဆန့်ကျင်ရုံ ဓလေ့ထုံးတမ်းများကို လိုက်နာကာမျှကိုတော့ ဒိဋ္ဌိနိဿိတလို့ မဆိုရပါဘူး။
♦သောတာပန်ဖြစ်တဲ့ ဝိသာခါကျောင်းအမကြီး သုဿာန်ကအပြန်မှာ အများနည်းတူ ဂင်္ဂါမြစ်ရေနဲ့ ဦးခေါင်းဆေးခဲ့တာမျိုးလို သိက္ခာသုံးပါးနဲ့မဆန့်ကျင်တဲ့ဓလေ ထုံးတမ်းမျိုးဟာဒိဋ္ဌိနိဿိတမဟုတ်ဘူးလို့ သတိပြုရမှာပါ။
တဏှာနိဿိတ၊ ဒိဋ္ဌိနိဿိတဖြစ်တဲ့ဒီကုသိုလ်နှစ်မျိုးလုံးကိုပဲ ပဋိစ္စသမုပ္ပါဒ်ဒေသနာမှာတော့ အကုသိုလ်ကံများနည်းတူ "ကမ္မဝဋ်"လို့ ခေါ်ပါတယ်၊
♦ ကိလေသဝဋ် ရဲ့နောက်ကလိုက်တဲ့ကံဖြစ်လို့ ကမ္မဝဋ်လို့ခေါ်တာပါ။ကမ္မဝဋ်ဖြစ်သွားပြီဆိုရင် သူ့နောက်က ဝိပါကဝဋ်ဆိုတာ မုချလိုက်ပါတယ်၊
♦နောက်ကလိုက်တဲ့ ဝိပါကဝဋ်ကတော့ဒီဆောင်းပါးအစပိုင်းမှာ ပြောခဲ့ သလိုပဲ အကုသိုလ် ကမ္မဝဋ်နောက်က လိုက်တဲ့ ဝိပါကဝဋ်က အပါယ်ဒုဂ္ဂတိပဋိသန္ဓေနဲ့ ဆင်းရဲဒုက္ခများဖြစ်ပြီး ကုသိုလ်ကမ္မဝဋ် နောက်က လိုက်တဲ့ ဝိပါကဝဋ် ကတော့ သုဂတိဘုံဘဝ ပဋိသန္ဓေနဲ့ လောကီချမ်းသာသုခများ ဖြစ်ပါတယ်။ဒုဂ္ဂတိပဋိသန္ဓေပဲ ဖြစ်ဖြစ်၊ သုဂတိပဋိသန္ဓေပဲ ဖြစ်ဖြစ် အရိယသစ္စာ အနေနဲ့ ကြည့်လိုက် ရင်တော့ အားလုံးဟာ "ဇာတိပိဒုက္ခာ"ဆိုတဲ့ "ဒုက္ခသစ္စာ"ချင်းအတူတူပဲ ဖြစ်ပါတယ်၊ ပဋိစ္စသမုပ္ပါဒ်ဒေသနာ အရကြည့် ရင်လည်း "ကေဝလဿဒုက္ခက္ခန္ဓဿ သမုဒယော= အိုနာသေရေးပူဆွေးသောကများ လွှမ်းခြုံတဲ့ ဒုက္ခအစုအပုံကြီး" အဖြစ်နဲ့ ဇာတ်သိမ်းရတာချင်းအတူတူပါပဲ။
♦ ဗုဒ္ဓဘာသာဝင်တို့ ပြောလေ့ပြောထရှိတဲ့ "ဝဋ်လိုက်တတ်တယ်သတိထား"ဆိုတဲ့ စကားမှာ အကုသိုလ် ကမ္မဝဋ်တွေ နောက်မှာသာ ဝဋ်လိုက်တတ်တာ မဟုတ်ဘူး၊ ကုသိုလ်ကံတွေ နောက်မှာလည်းဝဋ္ဋနိဿိတဖြစ်လို့ ကမ္မဝဋ်စာရင်းဝင်သွားရင်ဝိပါကဝဋ် လိုက်တတ်တယ် ဆိုတာကို သတိပြုမိကြဖို့ပါ။ဒါကတော့ ကံကောင်းပေမယ့် အကြောင်းမလှတဲ့ ကုသိုလ်ကံများဖြစ် ပါတယ်။
♦ ကံလဲ ကောင်း၊အကြောင်းလဲ လှတဲ့ ကုသိုလ်ကံဆိုတာကတော့ -"ယံ ပန လောကုတ္တရံ လောကိယဉ္စ တေဿဝ သမ္ဘာရဘူတံ ဣဒံ အနိဿိတံ"ဆိုတဲ့ ဝိသုဒ္ဓိမဂ်အဋ္ဌကထာလာ စကားအတိုင်း လောကုတ္တရာဖြစ်တဲ့မဂ်ကုသိုလ်နဲ့ အဲဒီလောကုတ္တရာကု သိုလ်ကို ရရာရကြောင်းအထောက်အပံ့မျိုးစေ့ဖြစ်စေတဲ့ လောကီကုသိုလ်မျိုးဖြစ်ပါတယ်၊
♦ ဒီကုသိုလ် နှစ်မျိုးတို့ဟာ တဏှာဒိဋ္ဌိတို့ကိုမှီတွယ်မှု ကင်းတဲ့အတွက် "အနိဿိတ ကုသိုလ်" လို့လည်း ခေါ်ပါတယ်။
►ဒီကုသိုလ်မျိုးနဲ့ပတ်သက်လို့"ဥတ္တမပုရိသဒီပနီ" ကျမ်းမှာ လယ်တီဆရာတော်ဘုရားကြီးက "ဘဝသမ္ပတ္တိ ဘောဂ သမ္ပတ္တိ များကိုညွတ်တဲ့ တဏှာနိဿိတစိတ်လည်းမရှိ၊ ဒိဋ္ဌိနဲ့လည်းမယှဉ်ဘဲ မိုးကောင်းကင်သဖွယ် အတွယ်အတာကင်းပြီးဗောဓိဥာဏ်ဆိုတဲ့ တစ်ဖက် ကမ်းကို တမ်းတမ်းစူးစူး အထူးရည်ရွယ်ကာ စင်ကြယ်တဲ့စိတ်နဲ့ပြုလုပ်တဲ့ ပါရမီကုသိုလ်မျိုးဖြစ်လို့ အနိဿိတကုသိုလ်(ဝါ)ကံလည်း ကောင်းအကြောင်းလည်းလှတဲ့ ကုသိုလ်မျိုးဖြစ်တယ်လို့ ဆိုပါတယ်။
["လောကဂုဏ်သိန်၊စည်းစိမ်မဖက်၊ သက်သက်အလှူ၊ ခံယူသူသာ၊ချမ်းသာစေကြောင်း၊ငဲညှာရှောင်း၊ အလောင်းတော်တို့ ဒါနမှတ်"]ဆိုတဲ့ တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးရဲ့ အလင်္ကာအတိုင်းပြုတဲ့ ကုသိုလ်မျိုးပါပဲ။
ဒီနေရာမှာ "အလောင်းတော်ကြီးများမဟုတ်ကြတဲ့ သာမန်ပုထုဇဉ်များအနေနဲ့ နိဗ္ဗာန်နဲ့ ဘဝသမ္ပတ္တိနှစ်မျိုးစုံတွဲဖက် ရည်မှန်းပြီးပြုလုပ်ကြတဲ့ အခုကာလကုသိုလ်မျိုးတွေရော အကြောင်းလှတဲ့ ပါရမီကုသိုလ်မျိုးမဖြစ်နိုင်တော့ဘူးလား"လို့ ဈေးဆစ်တဲ့ မေးခွန်းမျိုးလည်း ဝင်လာနိုင်ပါတယ်။
► "နိဗ္ဗာနဿ ပစ္စယော ဟောတု"ဆိုတဲ့စကားကို ရေစက်ချတဲ့ဆရာတော်က တိုင်ပေးလို့သာ လိုက်ဆိုရတဲ့သဘော မဟုတ်ဘဲ အမှန် တကယ် သံသရာဝဋ်က လွတ်မြောက်လိုတဲ စေတနာပါရိုးမှန်ရင် အကြောင်းလှတဲ့ပါရမီကုသိုလ်မျိုးစေ့ မဖြစ်ဘူးလို့တော့မဆိုနိုင်ပါဘူး၊ ဖြစ်ပါတယ်၊ အဲ-"ဖြစ်တော့ဖြစ်တယ်နှေးတယ်"လို့ဆိုရင် ပိုမှန်မယ်ထင်ပါတယ်၊ ဒါနဲ့ပတ်သက်ပြီး လယ်တီဆရာတော်ဘုရားကြီးက ဥတ္တမ ပုရိသဒီပနီမှာ သဘောယုတ္တိပြထားတာကတော့ -
► "ကုသိုလ်ပြုစဉ်အခါ၌ ဘဝသမ္ပတ္တိတဏှာ, ဘောဂသမ္ပတ္တိတဏှာ အစေးအချွဲ ဖက်တွဲခဲ့သည်ရှိသော် ထိုကုသိုလ်အကျိုးပေးရာ ဘဝတို့၌ ထိုစည်းစိမ်နှင့် ထိုတဏှာခွာ၍မရ၊ခွဲ၍မရ၊ငိုင်၍ကြအောင် အကြပ်အတည်း ဖွဲ့စည်းလေ၏၊ အထွဋ်အမြတ် တရားနှင့်တွေ့သော်လည်း တရားဖက်သို့ မပါနိုင်ရှိလေ၏။ကုသိုလ်ပြုစဉ်အခါ၌ ဘဝတဏှာ၊ ဘောဂတဏှာအလူးအလဲမရှိ ဝိဝဋ္ဋမျိုးသက်သက်ဖြစ်ခဲ့သော် ထိုကုသိုလ် အကျိုးပေး၍ပဒေသရာဇ်,ဧကရာဇ်, စကြာမန္ဓာတ်စည်းစိမ်၌ပင်တည်ငြားသော်လည်း တရားနှင့်တွေ့ခဲ့လျှင် ထိုစည်းစိမ်ကို ခဏခြင်း စွန့်နိုင်၏" လို့ဆိုပါတယ်။ဒီသဘာဝယုတ္တိနဲ့ပတ်သက်ပြီး သာဓကယုတ္တိအဖြစ် ဓမ္မပဒအဋ္ဌကထာလာ 2ဇောတိကသူဋ္ဌေးအလောင်း" ကြံခင်းလုပ်ညီနောင် ဝတ္ထုကိုထုတ်ပြ ပါတယ်၊ ဇာတ်လမ်းအကျဉ်းချုပ်ကတော့-
ဝိပဿိဘုရားမပွင့်မီ သာသနာပကာလမှာ ဇောတိကသူဋ္ဌေး အလောင်းဟာ အစ်ကိုနှင့်အတူကြံခင်းလုပ် ညီနောင် ဖြစ်ခဲ့တယ်၊ ပစ္စေကဗုဒ္ဓါအရှင်ကို ကြံရည်လှူဒါန်းပြီးတဲ့အခါ အစ်ကိုက "အရှင်ဘုရားရသိတဲ့ တရားကိုရသိပါလို၏"လို့ တိုတိုပဲ ဆုတောင်းတယ်၊ ညီဖြစ်တဲ့ ဇောတိကသူဋ္ဌေးအလောင်းကတော့ "အရှင်ဘုရားရသိတဲ့တရားကိုရသိရပါလို၏"လို့ ဆိုပြီးတော့မှ ဆက်လက်ပြီး"အကြင်မျှလောက် မဂ်ဥာဏ် ဖိုလ်ဥာဏ်တရားကို မသိရသေး၊ ထိုမျှလောက်"အစချီပြီးဘဝ သမ္ပတ္တိ, ဘောဂသမ္ပတ္တိကို နောက်ဖျားက ဆွယ်လိုက်ပြန်တယ်။
ဝိပဿိဘုရားရှင် ပွင့်တော်မူတဲ့အခါ ဆုတောင်းတိုတဲ့ အစ်ကိုဖြစ်သူက ရဟန္တာဖြစ်ပြီးအကျွတ်တရားရတယ်။ ညီဖြစ်သူ ဇောတိကအလောင်းကတော့ ဆုတောင်း(တဏှာအေ စးအချွဲ)လူးလဲတဲ့အတွက် ဝိပဿိဘုရားရှင်လက်ထက်မှာ စည်းစိမ်ဥစ္စာကို မခွာရက် နိုင်တာကြောင့် သံသရာဝဋ်က မကျွတ်လွတ်နိုင်ခဲ့ဘဲ "ဘုရားခြောက်ဆူ"ကို လွန်ပြီးနောက်ငါတို့ဘုရား လက်ထက်ရောက်မှ အကျွတ် တရားကို ရခဲ့ပါတယ်၊
►ဒီဝတ္ထုသာဓကိုထောက်ပြီးဆုတောင်းတိုသူက သံသရာတိုတယ်၊ဆုတောင်းရှည်သူက သံသရာရှည်တယ် လို့လည်းသံဝေဂ ယူနိုင်ပါတယ်။
အပိုဆုတွေ တောင်းဆိုတာဟာ ရှည်ရုံရှည်ရင်တော်သေးရဲ့ အတောင်းနေရာမကျခဲ့ရင် ကမောက်ကမအကျိုးတွေ ရရှိပြီး "ဆင်ဖြူတော်ဝင်မည့်ကိန်းချည်တစ်ဝင်နဲ့ ငြိမ်း"ဆိုတာမျိုးတွေပါ ကြုံရတတ်တာလည်းရှိပါတယ်။
►" မေဏ္ဍကသူဋ္ဌေး" ရဲ့ ကျွန်ဖြစ်တဲ့" မောင်ပုဏ္ဏ"ဟာ သူ့သခင်က သူ့အပေါ်သားရင်းပမာ ချစ်ခင်တာကို အလွန်ကြီးကျေနပ်တယ်၊ ပစ္စေကဗုဒ္ဓါအရှင် မြတ်ကိုတွေ့ပြီးဆွမ်းလှူဒါန်းတဲ အခါမှာတောင်"ဘဝဆက်တိုင်း မေဏ္ဍကသူဋ္ဌေးလို သခင်မျိုးနဲ့သာ တွေ့ကြုံရပါလို၏"လို့ ဆုတောင်းမိတဲ့အတွက် ဘဝ အဆက်ဆက် ကျွန်ချည်းဖြစ်ရတာမျိုးပေါ့။
ဒါကြောင့် ကံကောင်းသန့်သန့်ကလေးဖြစ်ပြီး အကြောင်းလှစေဖို့အတွက် ဘုရားအလောင်းတော်ဟာ ပြုပြုသမျှ ကုသိုလ်တိုင်း"ဗောဓိဥာဏ်ရဲ့အေ ထာက်အပံ့သာဖြစ်စေသော်" ဆိုတဲ့ ရည်မှန်းချက်တစ်မျိုးကိုသာ ထားပြီးပြုလုပ်သလို မိမိတို့ပြုသမျှ"နိဗ္ဗာနဿ ပစ္စယော ဟောတု" သန့်သန့်ကလေးသာ ရည်မှန်းကြတာ အကောင်းဆုံးပါပဲ။
ဒီလောက်ဆိုရင် ကံကောင်းသော်လည်းအကြောင်းမလှခြင်းဟာ ကံမကောင်းအကြောင်းမလှသူများနည်းတူ "မွေး,အို, နာ, သေ"ဆိုတဲ့ သံသရာဝဋ်ဒုက္ခကြီးက ရုန်းမထွက်နိုင်ဘူးဆိုတာ သဘောပေါက်လောက်ပါပြီ။
♦ အဓိက အလေးအနက် ပြောလိုတာကတော့မိမိတို့ စွမ်းအားရှိသမျှကြိုးစားအားထုတ်ရတဲ့ ကုသိုလ်ကံများ ထိုက်တန်တဲ့ အကျိုးတရားတွေ ပြည့်ပြည့်ဝ၀ပေးခွင့်ရဖို့အတွက် ဘဝသမ္ပတ္တိ, ဘောဂသမ္ပတ္တိတွေနဲ့တန်ဖိုးဖြတ် မပစ်ကြဘဲ အမြတ်ဆုံးအကျိုးတရားဖြစ်တဲ့နိဗ္ဗာန်တိုင်အောင် အထောက်အကူဖြစ်စေရေးကို ရည်မှန်း ပြုလုပ် တတ်စေချင်တာပါ။
♦ အမှန်ကတော့ မလှပတဲ့အကြောင်းတရားဖြစ်တဲ့ "အဝိဇ္ဇာ"ကို လှပတဲ့အကြောင်းဖြစ်စေမည့် "ဝိဇ္ဇာ"အဖြစ် ပြောင်းလဲဖို့ ဆိုတာ "နိဗ္ဗာနဿ ပစ္စယော ဟောတု"ဆိုတဲ့ ရည်မှန်းချက်ကောင်း ထားတတ်ရုံနဲ့တော့မပြည့်စုံသေးပါဘူး၊
♦"ရည်မှန်းချက်ကောင်းဆိုတာ ထိုက်တန်တဲ့ လုပ်ဆောင်ချက်ကောင်းများနဲ့ အကောင်အထည်ဖော်ရ တယ်"ဆိုတဲ့ သူမြတ်တို့ရဲ့ လမ်းညွှန် ဩဝါဒအတိုင်း ဝိဇ္ဇာမျိုးစေ့ ကုသိုလ် ဖြစ်တဲ့ " ဝိပဿနာ" အလုပ်ကိုအနည်းဆုံး အနိစ္စသဘောလောက် ဖြစ်စေ နှလုံးသွင်းဆင်ခြင်တဲ့ အလုပ်ကိုလုပ်ဖို့တော့ လိုပါတယ်။
►စူဠပန္ထကမထေရ်မြတ်ဟာ ရှင်ဘုရင်ဖြစ်ခဲ့တဲ့ ဘဝတစ်ခုတုန်းက တိုင်းခန်းလှည့်လည်ရင်ရင်စီးပုဝါဖြူစနဲ့ မျက်နှာက ချွေးကိုသုတ်လိုက်တဲ့အခါ မြူအညစ်ကြေးတွေန ညစ်နွမ်းသွားတာကိုကြည့်ပြီး မမြဲတဲ့ အနိစ္စသဘောကို ဆင်ခြင်ခဲ့မိတဲ့ ဝိဇ္ဇာမျိုးစေ့ အထောက် အပံ့ကြောင့် အခုနောက်ဆုံးရဟန်းဖြစ်တဲ့ဘဝမှာလည်း တရားအားထုတ်လို့မရနိုင် ဖြစ်နေတဲ့အခါ ဘုရားရှင်က ပုဝါဖြူကလေးတစ်စပေးပြီးလက်ညှိုးလက်မနှစ်ခုနဲ့ ပွတ်ချေနေစေရာက အနိစ္စဝိပဿနာဥာဏ်ပွင့်လာပြီးမဂ်ဖိုလ် အဆင့်ဆင့်နဲ့ ရဟန္တာ အထိဖြစ်သွားခဲ့ပါတယ်။
ဒီသာဓကများကိုထောက်ရှုပြီးအကြောင်းလှတဲ့ ဝိဇ္ဇာမျိုးစေ့စစ်စစ်ဖြစ်ဖို့ဆိုတာ ဝိပဿနာကုသိုလ်ကို အားထုတ် မှသာ ဖြစ်နိုင် ပါတယ်။
လယ်တီဆရာတော်ဘုရားကြီးကတော့ အနည်းဆုံး ရုပ်ပရမတ္ထတရားတွေထဲက မာတဲ့ ပျော့တဲ့ သဘော၊ ပူတဲ့ အေးတဲ့ သဘော၊တွန်းတိုးလှုပ်ရွတဲ့ သဘောလောက်မျှကိုဖြစ်စေတစ်ခဏနဲ့ တစ်ခဏမတူအောင် ဖြစ်ပျက် ဖောက်ပြန်နေတဲ့ သဘော လောက် ဆင်ခြင်နှလုံးသွင်းနိုင်ရင်လည်းဝိဇ္ဇာမျိုးစေ့ဖြစ်ပါပြီလို့ မိန့်ဆိုပါတယ်။ဒီလောက်ဆိုရင် ကံကောင်းခြင်းနဲ အကြောင်းလှခြင်းတို့ကို ခပ်ရေးရေးတော့ သဘောပေါက်လောက်ပြီ ထင်ပါတယ်။
ဒီကိစ္စဟာဗုဒ္ဓဘာသာဝင်တို့အတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်လို့ပိုပြီးပီပီပြင်ပြင် သဘောပေါက်လာအောင အကျဉ်းချုပ်ကလေးပြန်ပြောပါအုံးမယ်။ ကံနဲ့ ကံရဲ့အကျိုးကို ယုံကြည်တဲ့သဒ္ဓါတရား ဦးဆောင်ပြီးကုသိုလ်ကောင်းမှု ပြုတဲ့အခါဘဝသမ္ပတ္တိ , ဘောဂသမ္ပတ္တိ (သုဂတိဘုံဘဝနဲ့ လောကီချမ်းသာတွေ)ကို တောင့်တပြီးပြုလုပ်ကြရင် ကံကောင်းသော်လဲ အကြောင်းမလှသေးပါဘူး။အဝိဇ္ဇာနဲ့တဏှာ ဥပါဒါန်ဆိုတဲ့ ကိလေသဝဋ် ဦးဆောင်လွှမ်းမိုးပြီး ပြုတဲ့ကုသိုလ်ကံ ဖြစ်နေလို့ပါ။
ကုသိုလ်ပြုရာမှာ ဘဝသမ္ပတ္တိ၊ဘောဂသမ္ပတ္တိတွေကို မတောင့်တဘဲနိဗ္ဗာန်ကိုသာ ရည်မှန်းပြီးပြုလုပ်ရင် အဝိဇ္ဇာ တဏှာ၊ ဥပါဒါန်ဆိုတဲ့ ကိလေသဝဋ် လွှမ်းမိုးမှုမပါတဲအတွက် ကံလည်းကောင်းသလို အကြောင်းမလှမှုလည်း ကင်းပါတယ်။
►သို့သော်အကြောင်းမလှမှု ကင်းရုံနဲ့တော့ ကံကောင်းသန့်သန့်ကလေးပဲ ဖြစ်ပါသေးတယ်၊တကယ်တန်း "အကြောင်းလှပြီ"လို့ မဆိုသာ သေးပါဘူး။ဝိဇ္ဇာမျိုးစေ့အစ စ်ဖြစ်တဲ့ဝိပဿနာကုသိုလ်ကိုမမြဲတဲ့ အနိစ္စသဘောလောက်ပ င်ဖြစ်စေ ကိုယ်ပိုင်ဥာဏ်နဲ့ဆင်ခြင်သိရှိအောင် ကြိုးစားပြုလုပ် မှသာ "ကံလဲ ကောင်းအကြောင်းလဲ လှပြီ"လို့ အခိုင်အမာ ဆိုနိုင်ပါလိမ့်မယ်။
►အခုပြောခဲ့တဲ့စကားပိုဒ်ထဲမှာ "ကိလေသဝဋ် ကင်းကင်းနဲ့ပြုလုပ်တဲ့ ကုသိုလ်ကံဟာ အကြောင်းမလှမှုကင်းသော်လည်း ဝိပဿနာ ကုသိုလ်မပါသေးရင တကယ်အကြောင်းလှတဲ့ကံလို့ မဆိုနိုင်သေးဘူး"ဆိုတဲ့စကားကို သဘောပေါက်ဖို့ အလွန် အရေးကြီးပါတယ်။
မှန်ပါတယ်၊ ကိလေသဝဋ်ကင်းပြီးပါရမီမြောက်လောက်အောင် နိဗ္ဗာန်ကိုသာ ရည်မှန်းပြုလုပ်တဲ့ ကုသိုလ်ကံတွေထဲ မှာကိုပဲ စရဏမျိုးစေ့ဖြစ်တဲ့ ကုသိုလ်ကံနဲ့ဝိဇ္ဇာမျိုးစေ့ဖြစ်တဲ့ ကုသိုလ်ကံဆိုပြီးနှစ်မျိုးထပ်ကွဲပြားပါသေးတယ်၊
ဒါန,သီလ သမထအုပ်စုဝင်ကုသိုလ်များဟာ စရဏမျိုးစေ့ပါရမ ကုသိုလ်များသာ ဖြစ်ပါသေးတယ်၊ဝိပဿနာကုသိုလ်ကို အားထုတ် ထားမှသာ ဝိဇ္ဇာမျိုးစေ့ပါရမီ ကုသိုလ် အဆင့်ရောက်ပါတယ်၊ (သာသနာပကာလတွေမှာလည်းဝိပဿနာကုသိုလ်အဖြစ်နဲ့ အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာလောက်တော့ ပွားများနိုင်ပါ တယ်၊ အနတ္တလက္ခဏာကတော့ သာသနာတွင်းနဲ့ ကြုံကြိုက်မှသာ ပွားများနိုင်တာပါ) အဲဒီလို စရဏမျိုးကုသိုလ်၊ ဝိဇ္ဇာမျိုးကုသိုလ်နှစ်မျိုးစုံမှသာ "ကံလဲ ကောင်း အကြောင်းလဲ တကယ်လှပြီး"လို့ဆိုနိုင်မယ်လို့ ပြောလိုတာပါ။ "စရဏမျိုးစေ့က ကံကောင်းတာ၊ ဝိဇ္ဇာမျိုးစေ့က အကြောင်းလှတာ"လို့ အတိုချုပ်မှတ်သားနိုင်ပါတယ်။
ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်များအနေနဲ့ မဇ္ဈိမပဋိပဒါနည်းကျကျ ခံယူတတ်ဖို့လဲ အထူးသတိပြုစေချင်ပါတယ်၊ ကံကောင်းခြင်းဆိုတဲ့ စရဏမျိုးစေ့နဲ့ အကြောင်းလှခြင်းဆိုတဲ့ ဝိဇ္ဇာမျိုးစေ့၊ ဒီနှစ်မျိုးမှာ ဘယ်မျိုးစေ့က ပိုပြီးအရေးကြီးသလဲလို့ မေးခဲ့ရင် ရုတ်တရက်တော့ "ဝိဇ္ဇာမျိုးစေ့က ပိုအရေးကြီးတယ်"လို့ ဖြေတတ်ကြတာများပါတယ်၊ အမှန်ကတော့ ဘုရားရှင်တို့ ရဲ့ဂုဏ်တော်တွေမှာ "ဝိဇ္ဇာစရဏသမ္ပန္န" ဆိုတာအရေးကြီးတဲ့ဂုဏ်ပုဒ် တစ်ခုဖြစ်နေတာကိုထောက်ဆကြည့်ရင် ဒီမျိုးစေ့ နှစ်ခုလုံးဟာ သူ့ဟာနဲ့သူ အရေးပါတာချည်းဖြစ်လို့ နှစ်ခုလုံးအတူတူအရေးကြီးတယ်လို့ ခံယူဆည်းပူးကြရမှာပါ၊ ဒါမှသာ မဇ္ဈိမပဋိပဒါနည်း ကျပါလိမ့်မယ်။
ဟုတ်ပါတယ်၊မဇ္ဈိမပဋိပဒါလို့ခေါ်တဲ့ မဂ္ဂင်ရှစ်ပါးမှာ သီလမဂ္ဂင်သုံးပါးနဲ့ သမာဓိမဂ္ဂင်သုံးပါးတို့က စရဏမျိုးစေ့ မဂ္ဂင်များဖြစ်ပါတယ်၊ ပညာမဂ္ဂင်နှစ်ပါးတို့က ဝိဇ္ဇာမျိုးစေ့မဂ္ဂင်တွေပါ၊စရဏမျိုးမဂ္ဂင်များနဲ့ ဝိဇ္ဇာမျိုးမဂ္ဂင်တို့ နှစ်မျိုးစုံပေါင်းမှသာ မဂ္ဂင်ရှစ်ပါးပြည့်မှာပါ၊မဂ္ဂင်ရှစ်ပါးပြည့်စုံမှလဲ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာအဆင့်ရောက်ကြမှာဖြစ်ပါ တယ်။ ဒါကြောင့် ဝိဇ္ဇာမျိုးစေ့နဲ့စရဏမျိုးစေ့နှစ်မျိုးလုံး အရေး ပါတယ်လို့ ခံယူမှသာ မဇ္ဈိမပဋိပဒါနည်းကျတယ်လို့ သတိပေး လိုက်ရတာပါ။
ဒီကိစ္စနှင့်ပတ်သက်လို့ လယ်တီဆရာတော်ဘုရားကြီးက "ဗောဓိပက္ခိယဒီပနီ"မှာ -
"သီလ,သမာဓိသည် စရဏမျိုးတည်း၊ ပညာသည်ဝိဇ္ဇာမျိုးတည်း၊ ဝိဇ္ဇာစရဏနှစ်ပါးဖြစ်၏။ ဝိဇ္ဇာသည် လူ သတ္တဝါတို့၌ မျက်စိနှင့် တူ၏၊ စရဏသည် ခြေလက်နှင့်တူ၏၊ ဝိဇ္ဇာသည် ငှက်တို့၌ မျက်စိနှင့်တူ၏၊ စရဏသည် အတောင်နှင့် တူ၏၊ သီလ, သမာဓိနှင့်ပြည့်စုံ၍ ဝိဇ္ဇာဥာဏ်ချို့တဲ့သောသူတို့သည် ခြေလက်အင်္ဂါပြည့်စုံ၍မျက်စိ နှစ်ဖက်ချို့တဲ့သောသူနှင့် တူကုန်၏၊ ဝိဇ္ဇာဥာဏ်နှင့်ပြည့်စုံ၍စရဏတရားအားနည်းလှသောသူတို့သည် မျက်စိ အင်္ဂါပြည့်စုံ၍ ခြေလက်အင်္ဂါချို့တဲ့သောသူတို့နှင့် တူကုန်၏၊ ဝိဇ္ဇာစရဏနှစ်ပါးနှင့် ပြည့်စုံသော သူတို့သည် ခြေ အင်္ဂါ, လက်အင်္ဂါ, မျက်စိအင်္ဂါ အလုံးစုံ နှင့်ပြည့်စုံသော လူကောင်းသူကောင်းပကတိနှင့်တူကုန်၏၊ ဝိဇ္ဇာ, စရဏနှစ်ပါး မှချို့တဲ့သော သူတို့သည် ခြေအင်္ဂါ, လက်အင်္ဂါ,မျက်စိအ င်္ဂါအကုန်ချို့တဲ့၍အသက်ရှိသည်ဟူ၍ပင်မပြော စလောက်သောသူနှင့်တူကုန်၏" လို့ ဆုံးဖြတ်တော်မူခဲ့ပါတယ်။
ဝိဇ္ဇာမျိုးစေ့နှင့် ပတ်သက်လို့ ဆရာတော်ကြီးက "ယုတ်စွာ့အဆုံးဓာတ်လေးပါးကို မိမိသန္တာန်မှာ လေးစိတ် လေးပုံ ခွဲခြမ်းပြီး မြင်တတ်ရှုတတ်ရုံမျှ အားထုတ်နိုင်လျှင်ပင် အတိဒုလ္လဘ ပညာမျိုးစေ့ကောင်းကောင်းကြီးရတော့သည်၊ ဘုရားသာသနာမှာ "ကြုံကြိုက်ခဲလှတစ်ဘဝ ပြောစလောက် တော့သည်"လို့ မှတ်ချက်ချပါတယ်။
►နောက်ထပ် ဝိဇ္ဇာမျိုးစေ့ရနိုင်ပုံ တစ်မျိုးအဖြစ်နဲ့လဲ ဆရာတော်ကြီးက "တံငါသူကြီးတစ်ယောက်သည် တံငါ အလုပ်တန်းလန်းနှင့်ပင် သင်္ဂြိုဟ်ကိုးပိုင်း၊ ပါဌ်အနက်၊ ပဋ္ဌာန်းပါဠိတော် ပစ္စယနိဒ္ဒေသပါဌ်အနက်အကုန် သွက်သွက်လည်ရ၍နေသည်ကိုငါတို့တွေ့ကြုံရဖူး၏၊ ဝိဇ္ဇာမျိုးကောင်းကောင်းကြီးဖြစ်သော အမှုပေတည်း"လို့ ဗောဓိပက္ခိယဒီပနီမှာ မိန့်ကြားတော်မူပါတယ်။
ဟုတ်ပါတယ်၊ရှေးဆရာတော်ကြီးများကလည်း "သာသနာတွင် ဋ္ဌာန်းနှစ်ပင်၊တစ်ပင်စိုက်က ရိက္ခာရ"လို့ မိန့်ကြားခဲ့တဲ့ ဆိုရိုးစကား ရှိပါတယ်၊
"သာသနာတွင် ဋ္ဌာန်းနှစ်ပင်"ဆိုတာ သာသနာတွင်းမှာသာ အပြည့်အစုံရနိုင်တဲ့ ဝိပဿနာကမ္မဋ္ဌာန်းနဲ့ပဋ္ဌာန်းဒေသနာ တော်တို့ကိုပြောတာပါ၊ "တစ်ပင်စိုက်က ရိက္ခာရ"ဆိုတာကတော့ ဝိပဿနာ ကမ္မဋ္ဌာန်းကိုအားထုတ်ဖူးသည် ဖြစ်စေ၊ ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်နာယူ လေ့လာဖူးသည်ဖြစ်စေ တစ်ခုခု လုပ်ထားနိုင်ရင်မဂ်ဖိုလ်ရကြောင်းဖြစ်တဲ့ ဝိဇ္ဇာမျိုးစေ့ရိက္ခာရနိုင်တယ်လို့ဆိုတဲ့သဘောပါပဲ။
►လင်းနို့သားဖြစ်ခဲ့ဖူးတဲ့ ရဟန်းငါးရာတို့ ပဋ္ဌာန်းဒေသနာ ရွတ်ဖတ်တာကိုကြားနာခဲ့ရဖူးတဲ့အတွက် မဂ်ဖိုလ်ရဲ့ အထောက်အပံ့ဖြစ်တယ်ဆိုတဲ့ သာဓကကို ကြည့်ရင် ဒီအဆိုအမိန့်များဟာ သံသယဖြစ်ဖွယ်မလိုအောင် ခိုင်မာတယ် လို့ပဲဆိုရမှာပါ။
"မဂ်ဖိုလ်နိဗ္ဗာန်ဆိုတာ ဝိပဿနာ ဥာဏ်ဝိဇ္ဇာမျိုးစေ့ ရင့်သန်မှုသာ အဓိကမဟုတ်လား၊ ဘာကြောင့် စရဏမျိုးကုသိုလ်တွေကိုလဲ လုပ်နေဖို့လိုအပ်သေးသလဲ"ဆိုတဲ့မေးခွန်းမျိုးကိုလည်း မကြာခဏကြားသိနေရပါတယ်။အဖြေကတော့ မဂ်ဖိုလ် နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ ကိုရရှိနိုင်ဖို့ဆိုတာ သာသနာတော်နဲ့ကြုံကြိုက်ခွင့် ရခြင်းရယ်၊ယုံကြည်,ကျန်းမာ,ရိုးဖြောင့်, အားထုတ်,ဥာဏ်ရှိ "ဆိုတဲ့ အင်္ဂါငါးရပ် ပြည့်စုံခြင်းရယ်ဆိုပြီးအခြေခံအကြောင်းတ ရားနှစ်ချက်နဲ့ ပြည့်စုံရမှပါ၊ဒီအခြေခံ အကြောင်းတရားနှစ်ခုပြည့်စုံရေးအတွက် ဝိဇ္ဇာနဲ့စရဏနှစ်ပါးစုံမှသာ ပြည့်စုံ နိုင်တဲ့အတွက်ကြောင့်ပါ"လို့ပဲ ဆိုရပါလိမ့်မယ်။
ဟုတ်ပါတယ်၊စရဏနဲ့ဝိဇ္ဇာဆိုတဲ့မျိုးစေ့နှစ်မျိုးတို့ဟာ တစ်ခုနဲ့တစ်ခု အကျိုးပြုပုံချင်းမတူကြပါဘူး၊ စရဏမျိုးစေ့က သာသနာတော်နဲ့ကြုံကြိုက်ခွင့်ရအောင် အကျိုးဆောင်ပေးတတ်ပါတယ်၊ ဝိဇ္ဇာမျိုးစေ့ကကြုံကြိုက်တဲ့သာသနာအတွင်းမှာ မဂ်ရဖိုလ်ပေါက် အရိယာသံဃာအဖြစ်ရောက်သည်အထိ အရေးပါအောင်အကျိုးဆောင်ပေးပါတယ်။ အတိုချုပ်ပြောမယ်ဆိုရင်တော့"စရဏမျိုးစေ့က အခွင့် ကောင်းကြုံစေတယ်၊ဝိဇ္ဇာမျိုးစေ့က အရေးပါအရာရောက်စေတယ်"လို ဆိုနိုင်ပါတယ်။
►စရဏမျိုးစေ့သာရှိပြီးဝိဇ္ဇာမျိုးစေ့မပါရင် ဘုရားရှင်လက်ထက်တော်တုန်းက ဆဗ္ဗဂ္ဂီရဟန်းတို့၊ ရှင်ဒေဝဒတ်တို့၊ကောသလမင်းတို့လိုပဲ သာသနာတော်နဲ့ကြုံကြိုက်ခွင့်ရသော်လဲ တစ်မဂ်တစ်ဖိုလ်မျှမရတဲ့အတွက်အရိယာသံဃာအဖြစ် အရေးမပါနိုင်ဘဲ သာသနာခေတ်ကောင်းကြီးတစ်ခု အချည်းနှီးဆုံးရှုံးသွားရတတ်ပါတယ်။
►ဝိဇ္ဇာမျိုးစေ့သာရှိပြီ စရဏမျိုးစေ့မပါပြန်ရင်လည်း အာဠာရရသေ့၊ဥဒကရသေ့တို့လို မဂ်ဖိုလ်ကိုရလောက်အောင် သီလ, သမာဓိ,ပညာအခြေခံကောင်းပါလျက် သာသနာတော်နဲ့ကြုံခွင့်မရဘဲ နှစ်လွန်မျိုးစေ့များပမာ ဝိဇ္ဇာမျိုးစေ့တွေအချည်းနှီးဖြစ်သွားတတ်ပါတယ်။
ဒါကြောင့် ကံကောင်းခြင်းဆိုတဲ့ စရဏမျိုးစေ့နဲ့ အကြောင်းလှခြင်းဆိုတဲ့ ဝိဇ္ဇာမျိုးစေ့နှစ်မျိုးလုံးပြည်စုံ အောင် ဆည်းပူးအားထုတ်နိုင်မှသာ အခွင့်လည်းကြုံ အရေးလည်းပါပြီး လူဖြစ်ကျိုး သာသနာကြုံကျိုးနှစ်မျိုးလုံးနပ်စေနိုင်မှာဖြ စ်တယ်လို့သာ အလေးအနက်တိုက်တွန်းလိုပါတယ်။
အကျယ်ကို သိလိုတယ်ဆိုရင်တော့ လယ်တီဆရာတော် ဘုရားကြီးရဲ ဥတ္တမပုရိသဒီပနီနဲ့ဗောဓိပက္ခိယဒီပနီတို့ကို ကြည့်ဖြစ် အောင် ကြည့်ကြပါလို့ တိုက်တွန်းလိုပါတယ်။
အားလုံးလူဖြစ်ကျိုးသာသနာကြုံကျိုးနှစ်မျိုးလုံးနပ်ကြဖို့အတွက် ကံကောင်းအကြောင်းလှကြပါစေ။
[ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)]
----------------------*----------------------- သဗ္ဗဒါနံ ဓမ္မဒါနံဇိနာတိ -"ဣဒံ မေ ပုညံအာသဝက္ခယာဝဟံ ဟောတု" "Donated By Honey Lay" _/|\_ ခပ်သိမ်းသော ရဟန်း၊ရှင်၊လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါ အားလုံးဘေးရန် ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်, စိတ်နှစ်ဖြာကျန်းမာ, ချမ်းသာကြပါစေ ။ လူအချင်းချင်းလှည့်ပတ်ခြင်း၊ကင်းရှင်းကြပါစေ၊… _/

No comments:
Post a Comment