Friday, May 03, 2013

“ကံကောင်းအကြောင်းလှပါစေ” - (၁)

“ကံကောင်းအကြောင်းလှပါစေ” - (၁) •••••••••••••••••••••••••••••••• “ ကံကောင်းအကြောင်းလှပါစေ”ဆိုတဲ့စကားဟာ ဗုဒ္ဓဘာသာဝင်များအနေနဲ့ အလွန်ကို နားဝင်ပီယံဖြစ်မယ့် သည်းခြေကြိုက် စကားတစ်လုံးပါ၊


ဒါပေမယ့် အခုဒီစာခေါင်းစည်းကို ဒီအမည်ပေးလိုက်ရ တာကတော့ လူတွေသည်းခြေ ကြိုက် ဖြစ်မယ်ထင်လို့လည်း မဟုတ်သလို ဖြစ်စေချင်လို့လည်းမဟုတ်ပါဘူး၊


ကံကောင်းခြင်းနဲ့အကြောင်းလှခြင်းတို့ရဲ့ ခြားနားချက်ကို ကွဲကွဲပြားပြား သဘော ပေါက်ကြ စေချင်လို့သာဖြစ်ပါတယ်။


ဟုတ်ပါတယ်၊ဗုဒ္ဓဘာသာဝင်များအနေနဲ့ တစ်ဦးတစ်ယောက် အတိဒုက္ခတွေနဲ့ ကြုံတွေ့နေတယ်၊ လုပ်သမျှတွေလဲ အစစ အဆင်မပြေဖြစ်နေတယ်ဆိုတဲ့ အခြေအနေမျိုးနဲ့ ကြုံကြိုက်ရတဲ့အခါတိုင်း “သူ့ခမျာ ကံမကောင်းအကြောင်း မလှရှာဘူး”လို့ပြော လေ့ရှိ ကြပါတယ် ၊ဒီလိုပြောဆို သုံးစွဲမှုအရ ကြည့်မယ်ဆိုရင် ကံမကောင်းခြင်းနဲ့အကြောင်းမလှခြင်းကို အဓိပ္ပာယ်တူ အဖြစ်သဘော ထားပြီး သုံးစွဲနေကြပုံ ရပါတယ်။


ကံမကောင်းအကြောင်းမလှဘူးဆိုရင် “ကံ ကောင်းတော့ကောအကြောင်းလှပြီလား”လို့ မေးကြည့်ရင်တော့ “အင်းလေ ..အတူတူပဲ မဟုတ်လား”ဆိုတာမျိုးနဲ့ ယောင်ဝါးဝါးဖြစ်သွားကြသူက များပါလိမ့်မယ်၊ ရေရေရာရာ သိသူက အတော်ရှားမယ် ထင်ပါတယ်၊


♠ လယ်တီ ဆရာတော် ဘုရားကြီးရဲ့ စကားအတိုင်းပြောရမယ် ဆိုရင်တော့ ကံနဲ့အကြောင်းကိုမကွဲမပြားအတူတူလို့ သဘောထားနေခြင်းကြောင့်ပဲပြုသမျှကုသိုလ် တွေဟာ ထိုက်တန်တဲ့အကျိုးတရားအထိ မပေးနိုင်ကြဘဲ “ကုသိုလ်ကြောင်ခြစ်”တွေဖြစ်ကုန်ကြရတာလို့ပဲ ဆိုရမှာပါ။


အသေအချာ ပိုင်းခြားဝေဖန်ကြည့်မယ်ဆိုရင် ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်မှာ “ကံ”ကို “သင်္ခါရ”လို့ ဟောတော်မူ ပါတယ်၊အဲဒီသင်္ခါရဟာ အခြေခံအားဖြင့် ကောင်းတာကိုပြုလုပ်တဲ့ ပုညာဘိသင်္ခါရ၊ မကောင်းတာပြုလုပ်တဲ့ အပုညာဘိ သင်္ခါရဆိုပြီး နှစ်မျိုးရှိပါတ ယ်၊ (အာနဉ္ဇာ ဘိသင်္ခါရ ဆိုတာလည်း ရှိသေးပေမယ့် ပုညာဘိသင်္ခါရရဲ့ အဆင့်တစ်ခုကိုပဲ ဆိုတာဖြစ်လို့ အခြေခံနှစ်မျိုးကိုသာ ပြောလိုက်တာပါ)၊ ♠ ပုညာဘိ သင်္ခါရဆိုတာ ကုသိုလ်ကံ၊ ♠ အပုညာဘိသင်္ခါရဆိုတာက အကုသိုလ်ကံပေါ့၊ ကောင်းတဲ့ကံရော မကောင်းတဲ့ကံရော နှစ်မျိုးလုံးကို "သင်္ခါရ"လို့ပဲ ခေါ်ပါတယ်။


♦ ဒီသင်္ခါရကနေရှေ့ဆက်ပြီးအကြောင်းအကျိုး အဆက်ဆက်ကို ကြည့်လိုက်မယ်ဆိုရင်တော့ နောက်ဆုံးမှာ "ဇရာမရဏံ၊ သောကပရိဒေဝ"စတဲ့ အိုခြင်း,သေခြင်း၊ ဝမ်းနည်းပူဆွေးငိုကြွေးရခြင်းတွေနဲ့ ဒုက္ခအစုအဝေးကြီးကို ရင်ဝယ်ပိုက်ပြီးမလှပတဲ့ အကျိုးကြီး တွေနဲ့သာ ဘဝဇာတ်လမ်းတစ်ခု နိဂုံးချုပ်ဇာတ်သိမ်းကြရတာကို တွေ့ရပါလိမ့်မယ်။


ဒီလို မလှမပတဲ့ အကျိုးတွေနဲ့ ဇာတ်သိမ်းကြရတာဟာ "ကံ မကောင်းလို့လား"လို့ မေးကြည့်မယ်ဆိုရင်တော့ ကံကောင်းကြလွန်းလို့ လူ့ပြည်ကစ နတ်ပြည်ဗြဟ္မာပြည်အထိဖြစ်ရ၊ရောက်ရတဲ့ ပုဂ္ဂိုလ်တွေရော၊ကံဆိုးလွန်းလို့ အပါယ်ငရဲအထိ ကျရောက်ရတဲ့ ပုဂ္ဂိုလ်တွေရော ဒီအတိုင်းချည်း ဇာတ်သိမ်းကြရတာချင်းအတူတူပဲ ဖြစ်နေတာကိုလည်း တွေ့ရပါလိမ့်မယ်။


♦ ကမ္မနိယာမသဘောကလေးသက်သက်ကိုသာ ကြည့်မယ်ဆိုရင်တော့ ကောင်းတဲ့ကံက ကောင်းကျိုးပေးတယ်၊ ဆိုးတဲ့ကံက ဆိုးကျိုးပေးတယ်ဆိုတာကို သဘောပေါက်ကြမှာပါ။


♦ ဒါပေမယ့် "အဲဒီကောင်းကျိုးဆိုးကျိုးဆိုတာ ဘာတွေလဲ" ဆိုတာကိုအထိ ထဲထဲ ဝင်ဝင် လေ့လာပြီးပီပီပြင်ပြင်သိဖို့ ကျတော့ သိပ်ပြီးအလေးမထားကြသလို ဖြစ်နေတတ်ပါတယ်၊ နည်းနည်းလောက် ပီပြင်လာအောင် လေ့လာ ကြည့်ကြရ အောင်ပါ။


♦ကောင်းတဲ့ကံက ပေးတဲ့ ကောင်းကျိုးဆိုတာ ပဋိသန္ဓေအရပြောမယ်ဆိုရင် လူ့ဘုံ,နတ်ဘုံစတဲ့ ကောင်းတဲ့ ဘုံဌာန တွေမှာ လူ့ဘဝ,နတ်ဘဝစတဲ့ သုဂတိဇာတိကို ရရှိနိုင်တာပါ၊ ပဝတ္တိအရ ပြောမယ်ဆိုရင်တော့ ကျေနပ်နှစ်သက်ဖွယ်ရာ ဣဋ္ဌာရုံများနဲ့တွေ့ကြုံ ခံစားရ တဲ့ အကျိုးပါပဲ။


♦ မကောင်းကံကပေးတဲ့မကောင်းကျိုးဆိုတာကတော့ ပဋိသန္ဓေအရ ငရဲ၊တိရစ္ဆာန်၊ပြိတ္တာ၊အသူရကာယ်ဆိုတဲ့ ဆိုးဝါးတဲ့ ဘုံဘဝ တွေမှာ ဆိုးဆိုးဝါးဝါးဖြစ်ကြရတဲ့ ဒုဂ္ဂတိဇာတိကို ရရှိခြင်းပါ၊ ပဝတ္တိအရ ပြောမယ်ဆိုရင်တော့ မကျေနပ်စရာ အနိဋ္ဌာရုံတွေနဲ့ တွေ့ကြုံခံစားရခြင်းဆိုတဲ့ အကျိုးဖြစ်ပါတယ်။


ခုလိုဖြစ်ရတဲ့ဘဝနဲ့ တွေ့ကြုံရတဲ့ အာရုံသက်သက်ကိုသာ ကြည့်မယ်ဆိုရင်တော့ ကောင်းတဲ့ကံနဲ့ မကောင်းတဲ့ကံတို့ဟာ ဖြောင့်ဖြောင့်ဆန့်ကျင်တယ်လို့ ဆိုရလောက်အောင်က ကွဲပြားခြားနားနေတာကို တွေ့သိနိုင်ပါတယ်၊


ကောင်းတဲ့ ကံက သုဂတိဇာတိနဲ့ ဣဋ္ဌာရုံတွေကို တွေ့ကြုံခံစားခွင့်ကိုပေးပြီးမကောင်းတဲ့ကံက ဒုဂ္ဂတိဇာတိနဲ့ အနိဋ္ဌာရုံတွေကို တွေ့ကြုံခံစားခွင့် ပေးတာကိုး။


♦ ဒီတော့ဇာတိဆိုတဲ့ဇာတ်ချင်းလဲ ကွဲပြားခြားနားတယ်၊ ဇာတ်ချင်းကွဲပြားသလို သရုပ်ဆောင်ကြမယ့်ဇာတ်ရုပ်တွေ ဇာတ်ကောင်တွေချင်းလည်း ကွဲပြားတာပါပဲ၊ အနီးကပ်ဆုံး နှိုင်းယှဉ်ကြည့်မယ်ဆိုရင်ဒုဂ္ဂတိဘုံသား တိရစ္ဆာန်တွေက တိရစ္ဆာန်ဇာတ်ရုပ်ဇာတ်ကောင်တွေပဲ သုဂတိဘုံသားလူတွေက လူဇာတ်ရုပ် ဇာတ်ကောင်တွေပဲ။


♦ ဇာတ်ရုပ်ဇာတ်ကောင်ချင်းကွဲပြားသလို ဇာတ်ကောင်တို့ရဲ့ စရိုက်ချင်းလည်းကွဲပြားတာပါပဲ၊တိရစ္ဆာန်က တိရစ္ဆာန် စရိုက်အတိုင်းရိုင်းစိုင်းကြမ်းတမ်း ရက်စက်တာပေါ့။ လူကတော့ လူ့စရိုက်အတိုင်း(ဆိုရင်)ယဉ်ကျေးသိမ် မွေ့ပြီး ချစ်ခင်ကြင်နာ ညှာတာထောက်ထားတတ်တဲ့ စိတ်ဓာတ်ကောင်းစရိုက်ကောင်းတွေရှိတတ်ကြတာပေါ့။


စရိုက်လက္ခဏာချင်းကွဲပြားတဲ့အတိုင်းပဲ ဘဝဇာတ်လမ်းကို သရုပ်ဆောင်ကြတဲ့အခါမှာလည်းအဖြူနဲ့အမည်းလို့ဆိုရ လောက် အောင်ကို ကွဲပြားခြားနားပါတယ်။


♦ ဘဝဇာတ်လမ်း သရုပ်ဆောင်တယ်ဆိုတာ တိုတိုချုပ်ကတော့ ဖြစ်ရတဲ့ဘဝအခိုက်အတွင်းမှာစားဝတ်နေရေးစတဲ့ ဘဝလိုအပ် ချက်တွေနဲ့ ဘဝပေးတာဝန်တွေကိ ကြိုးစားဖြည့်ဆည်းကြရတာပါပဲ။ဒီလို ဖြည့်ဆည်းကြရာမှာ တိရစ္ဆာန်တွေလည်းကာယကံ၊ ဝစီကံ၊မနောကံ ဆိုတဲ့ ကံသုံးပါးနဲ့လှုပ်ရှား သရုပ်ဆောင်ကြရတာပဲ၊ လူတို့၊နတ်တို့လည်းကံသုံးပါးနဲ့ပဲ ကြိုးစားလှုပ်ရှားသရုပ်ဆောင် ကြရတာပါပဲ။


♦ စရိုက်ချင်းကွဲပြားတဲ့အတွက်သရုပ်ဆောင်ပုံခြင်းလည်း ကွာခြားတယ်ဆိုတာ ဒီလိုနေရာမျိုးမှာသိသာပါတယ်၊ တိရစ္ဆာန်များက အကြံတူလာရင် ဘဝတူချင်းကိုတောင် ရန်သူလိုသဘောထားပြီးရှိသမျှ ခွန်အား,လက်နက်များနဲ့ ပြဿနာကို ဖြေရှင်းကြတယ်။ မနုဿ (စိတ်ထားမြင့်သူ)ဆိုတဲ့ လူသားများကတော့အကြံချင်းတူ ကြရတာကိုက ဘဝချင်းတူကြလို့ပဲဆိုတဲ့ စာနာစိတ်ထားပြီးစေ့စပ်ညှိနှိုင်း ရိုင်းပင်းကူညီမှုနဲ့ပြဿနာကို ဖြေရှင်းတတ်ကြ ပါတယ်။


ဇာတ်ရုပ်ချင်း၊ဇာတ်ဆောင်ချင်း၊စရိုက်ချင်း၊ သရုပ်ဆောင်ပုံချင်း ကွဲပြားကြတယ်ဆိုတော့ ဇာတ်ထုပ်ဇာတ်လမ်းချင်းတွေလည်းကွဲပြားခြားနားတာပေါ့၊ ကောင်းတဲ့ဇာတ်က ကောင်း၊ဆိုးတဲ့ဇာတ်က ဆိုးပေါ့၊ ကံဆိုးနဲ့ကံကောင်းတို့ အကျိုးပေးချင်းကွဲပြားတယ်ဆိုတာ ဒါကိုပြောတာပါပဲ။


♦ ဒီခြားနားချက်ကလည်းဇာတ်လမ်းဇာတ်ထုပ်ကို သရုပ်ဆောင်ခွင့် ရခိုက်ကလေးလို့ဆိုရမဲ့ တစ်ဘဝတာ၊ တခဏတာ ကလေးပါပဲ၊ကံဇာတ်ဆရာရဲ့ ခွင့်ပြုချက်ကုန်ပြီးဆိုတော့ တစ်ဘဝဇာတ်ကို သိမ်းချင်သည် ဖြစ်စေ၊ မသိမ်းချင်သည်ဖြစ်စေ သိမ်းကြရမှာ ချည်းပါပဲ၊


♦ အဲ ..ဇာတ်သိမ်းရပြီဆိုရင်လည်း ပဋိစ္စသမုပ္ပါဒ်ဒေ သနာတော်မှာ ဘုရားရှင် မှတ်ချက်ပြု ဟောကြားတော်မူခဲ့တဲ့ အတိုင်းပါပဲ၊ ဒုက္ခတုံးဒုက္ခခဲကြီးကို ရင်ဝယ်ပိုက်ရင်းဝမ်းနည်း ပူဆွေးမှုများနဲ့ချည်းဇာတ်သိမ်းကြရတာချင်းအတူတူပါပဲ။


ဒီနေရာမှာသဘောပေါက်လွယ်အောင် ဘဝဇာတ်လမ်းကို လူတို့ဖန်တီးကပြသရုပ်ဆောင်ကြတဲ့ ပြဇာတ်တို့ရုပ်ရှင်တို့ ဆိုတာတွေနဲ့ နည်းနည်းနှိုင်းယှဉ် ကြည့်ကြရအောင်ပါ။


ကံ ဒါရိုက်တာ ညွှန်ကြားတဲ့ဘဝဇာတ်ထုပ်တွေထဲက သုဂတိဇာတ်ကောင်တွေဖြစ်တဲ့ လူတို့,နတ်တို့ကိုတော့ မင်းသားမင်းသမီးတွေလို့ပဲ ဆိုကြပါစို့၊


အဲ.. ဒုဂ္ဂတိဇာတ်ကောင်တွေဖြစ်တဲ့ ငရဲ,တိရစ္ဆာန်တို ပြိတ္တာတို့ဆိုတာတွေကတော့ လူကြမ်းတွေလို့ပဲထားလိုက်ပါတော့။လူဒါရိုက်တာတွေ ညွှန်ကြားတဲ့ပြဇာတ်တို့ ရုပ်ရှင်တို့မှာတော့ နောက်ဆုံးဇာတ်သိမ်း ခန်းရောက်တဲ့အခါ "မင်းသားနဲ့မင်းသမီးညားတယ်၊ လူကြမ်း သေတယ်" ဆိုတာမျိုးတွေနဲ့ဇာတ်သိမ်းတာပဲ များကြတာကို တွေ့ဖူးကြပါလိမ့်မယ်၊ ဒီလိုဇာတ်သိမ်းခန်းရောက်ပြီဆိုရင်လည်း ပရိသတ်အပေါင်းတို့ကသောင်းသောင်းဖျဖျကောင်းချီးဩဘာ ပေးကြတာကိုလည်းကြုံဖူးကြမှာပါ။ဒါကတော့ လူဖန်တီးတဲ့ ဇာတ်ထုပ် ပေကိုး၊လူကြိုက်သလိုပဲ ဇာတ်သိမ်းခွင့် ရကြပေမပေါ့။


အဲ..ကံဖန်တီးတဲ့ ဇာတ်ထုတ်မှန်သမျှမှာတော့ ဒီလိုကိုယ်ကြိုက်သလိုဇာတ်သိမ်းခွင့် မရပါဘူး၊ နောက်ဆုံးမှာ မင်းသား လဲသေ၊ မင်းသမီးလဲသေ၊ လူကြမ်းလဲသေပြီ ပရိသတ်တွေအားလုံးဝမ်းနည်းပူဆွေး ငိုကြွေးကြရလေသတည်းနဲ့သာ ဇာတ်သိမ်းကြရတာချည်းပါပဲ။


♦ ဇာတ်ကောင်ချင်းရော၊ စရိုက်ချင်းရော၊ ဇာတ်လမ်းချင်းရော၊ ဇာတ်သရုပ်ဆောင်ပုံချင်းရော ကွဲပြားနေပါလျက်နဲ့ ဇာတ်ပေါင်း ဇာတ်သိမ်း မလှပပုံခြင်းကြတော့ ဘာဖြစ်လို့ တူညီနေရတာလဲ၊ ဒါကို သေသေချာချာ စဉ်းစားကြည့်စေချင်ပါတယ်၊


♦ဖြစ်ရတဲ့ ဘုံဘဝ ဇာတ်ချင်းကစလို့ဇာတ်ဆောင်ချင်း၊ ဇာတ်လမ်းချင်း၊ သရုပ်ဆောင်ပုံချင်း ကွဲပြားခြားနား ကြရတာကတော့ကံမျိုးစေ့ချင်းမတူကြလို့ဆိုတာ သဘောပေါက်လောက် ပါပြီ၊


♦ အချင်းချင်းဖြောင့်ဖြောင့်ဆန့်ကျင်တဲ့ ကံ ပိုင်ရှင်တွေ အားလုံးတို့ရဲ့ ဇာတ်သိမ်းတွေကြတော့ ဘာဖြစ်လို့ တူနေကြရတာလဲ၊ ဒါဟာ တကယ်ကို အလေးအနက် စဉ်းစားရမယ့် ကိစ္စပါ၊ ဒီဆောင်းပါးကိုရေးရခြင်းရဲ့ ရည်ရွယ်ချက်ကလည်းဒီကိစ္စကြောင့်ပဲဖြစ်ပါတယ်၊ ကဲ .. ဥာဏ်မှီသမျှလေ့လာ စူးစမ်းပြီးစဉ်းစားကြည့်ကြရ အောင်ပါ။


♦နောက်ဘိတ်ဆုံးအကျိုးဖြစ်တဲ့ ဇာတ်သိမ်းခန်းဟာ မလှပဘူးဆိုကတည်းက ဒီအကျိုးကိုဖြစ်စေတဲ့ အကြောင်းရင်း တရားကိုလည်းမလှတဲ့ အကြောင်းတရားလို့ပဲ ဆိုရမှာပါ။ အဲဒီအကြောင်းတရားဟာ ဘာလဲ၊ဒီကစပြီးလေ့လာကြည့်ဖို့ လိုပါတယ်၊ဒီလိုလေ့လာတဲ့အခါမိမိတို့အတွက် နယ်ပယ်စိမ်းလို ဖြစ်နေတဲ့ တရားသဘောများအထိုက်အလျှောက် ပါလာမှာဖြစ်လို့ ပုံမှန် တွေ့နေကျအကြောင်းအရာ များလောက်တော့ လွှတ်ခနဲသဘောမပေါက်နိုင်တဲ့ အခက်အခဲ အနည်းနဲ့ အများဆိုသလို ရှိနိုင်ပါတယ်၊ဒါပေမယ့် ဒီသဘောတရားများဟာ ပီပြင်ရေရာတဲ့ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ရေးအတွက်တော့ မသိမဖြစ် အရေးပါတဲ့ ကိစ္စဖြစ်လို့ စိတ်ရှည်ရှည်နဲ့သည်းခံဖတ်ကြဖို့ ကြိုတင်တိုက်တွန်းပါရစေ။


သတ္တဝါတို့ရဲ့ သံသရာဆိုတာ ကံကြမ္မာနဲ့ လည်ပတ်နေရတာလို့ ဆိုနိုင်ပေမယ့် ကံကြမ္မာဟာ သံသရာရဲ့အစဆုံး အခြေခံ အကြောင်းရင်းတော့မဟုတ်ပါဘူး၊


♦ ပဋိစ္စသမုပ္ပါဒ်ဒေသနာတော်ကို ကြည့်မယ်ဆိုရင် ကံကြမ္မာလို့ခေါ်တဲ့"သင်္ခါရ"ရဲ့ ရှေ့ဖျားမှာ "အဝိဇ္ဇာ"ဆိုတာကိ တွေ့ရပါလိမ့်မယ်၊ သံသရာရဲ့ အခြေခံအကြောင်းရင်းဟာ အဝိဇ္ဇာပဲဖြစ်ပါတယ်၊ ဖြစ်လေရာ ဘဝတွေ ဘယ်လိုပဲကောင်းတယ်ဆိုဆို" ဇာတ်ပေါင်းခန်း မလှရခြင်းရဲ့ အခြေခံအကြောင်းတရားဆိုးကြီး" ဟာလည်းအဲဒီ အဝိဇ္ဇာပါပဲ၊ဒီလောက်ဆိုရင်မလှတဲ့ အကြောင်းတရားဆိုတာကို ရေးရေးတော့ မြင်လာပြီထင်ပါရဲ့။


"အဝိဇ္ဇာဆိုတာ သစ္စာလေးပါးတို့ကိုမသိတတ်တဲ့သဘော"လို့ ဆိုပါတယ်၊သစ္စာဆိုတဲ့ အမှန်တရားကိုသာ မသိတာ၊ မမှန်တဲ့ တရားတွေကိုတော့ သူထင်ချင်သလိုထင်ပြီး သိနေတတ်ပါတယ်၊သူ့အထင်နဲ့သူ သိနေတဲ့တရားတွေဟာ အမှန်တွေ မဟုတ်ပေမယ့် ဘုမသိ ဘမသိ သဘောမျိုးနဲ့ ကြိုက်စရာတွေတော့ရှိနေတတ်ပါတယ်။


♦ အာရုံတွေကို ကြိုက်စရာလို့ထင်ထင်ပြီး သိနေတာနဲ့အမျှကြိုက်တတ်တဲ့ တဏှာလောဘကလည်း အဝိဇ္ဇာနဲ့တစ်တွဲတည်းမခွဲတမ်းဆိုသလိုပါနေတတ် ပါတယ်၊ အဝိဇ္ဇာက ဘာမျှမယ်မယ်ရရ အမှန်အကန်ကိုမသိပေမယ့် တဏှာကအာရုံကိုကြိုက်နှစ်သက်ရကောင်းမှန်း ပီပီပြင်ပြင်သိလာပြီဆိုတော့ အကြိုက်ကိုရရေးအတွက် ကြိုးစားအားထုတ်မှု တွေလည်း ဖြစ်လာတော့တာပေါ့၊ အဲဒီမှာ "သင်္ခါရ"ဆိုတဲ့ကံက ပေါ်ပေါက် လာရတာပါ။


ဒေသနာတော်မှာတော့ "အဝိဇ္ဇာပစ္စယာ သင်္ခါရာ=အဝိဇ္ဇာကြောင့် သင်္ခါရဆိုတဲ့ ပြုလုပ်မှုတွေဖြစ်တယ်"လို့ပဲ ဆိုထားပေမယ့် အဝိဇ္ဇာဟာ သူ့ချည်း သင်္ခါရကိုဖြစ်အောင် ပီပီပြင်ပြင် မတိုက်တွန်းနိုင်ပါဘူး၊


သူနဲ့ ကိလေသာဝဋ်ချင်းတူတဲ့ တဏှာ,ဥပါဒါန်တို့နဲ့ ပူးပေါင်းပြီးမှ သာ သင်္ခါရကို ပုံဖော်ပါတယ်၊ ဒါကြောင့် အဝိဇ္ဇာလို့ ပြောလိုက်ရင် တဏှာ, ဥပါဒါန်တို့လည်းတစ်ပေါင်းတည်းပါတယ်လို့ မှတ်ယူရပါတယ်၊ သံသရာရဲ့မလှပတဲ့ အကြောင်းဆိုတာ ဒီ "အဝိဇ္ဇာ, တဏှာ,ဥပါဒါန်"ဆိုတဲ့ တရားသုံးပါးကို ပြောတာပါပဲ၊ ဒီသုံးပါးမှာလည်းဥပါဒါန်ဆိုတာက အားကြီးတဲ့ တဏှာကိုပဲ ပြောတာဖြစ်လို့ တရားကိုယ် သဘောအရ တဏှာနဲ့ အတူပဲဖြစ်ပါတယ်။ဒါကြောင့်လဲ ဒေသနာ တော်မှာ "အဝိဇ္ဇာနဲ့ တဏှာ"ကိုသာ သံသရာရဲ့ အရင်းအမြစ်အခြေခံ အကြောင်းတရားနှစ်ပါးအဖြစ် အသိများထင်ရှားနေတာပါ။


ဒီအကြောင်းတရားနှစ်ပါး(ဥပါဒါန်ပါဆိုရင် သုံးပါး)တို့ဟာ သတ္တဝါတို့ရဲ့ စိတ်အစဉ်ကို ညစ်နွမ်းနက်မှောင်စေတတ်တဲ့ တရား တွေဖြစ်လို့"ကိလေသာ"လို့လည်းခေါ်ပါတယ်၊


♦ သူတို့ကိုအခြေခံ လက်ကိုင်ထားကြတဲ့သတ္တဝါမှန်သမျှကို သံသရာထဲမှာ တစ်ရစ်ဝဲဝဲ လည် စေတတ်တဲ့အတွက် "ဝဋ္ဋ=ဝဋ်တရား"များလို့လည်း ခေါ်ပါတယ်၊ပေါင်းပြီး ခေါ်လိုက်တဲ့အခါမှာတော့ "ကိလေသာဝဋ်"လို့ဖြစ်သွားပါတယ်၊ စိတ်အစဉ်ကိုလဲမည်းညစ်စေတတ်၊ မွေး,အို,နာ,သေဆိုတဲ့ သံသရာဝဋ်ကြီးကိုလည်းမပြတ်တရစပ် လည်ပတ်စေတတ်တယ်ဆိုကတည်းက ဒီအကြောင်း တရားကြီးဟာ ဘယ်လောက်အကျည်းတန်တယ် ဆိုတာ အထူးပြောနေဖို့ မလိုတော့ပါဘူး။ဒါကြောင့် "မလှတဲ့ အကြောင်း တရားကြီး"လို့ဆိုလိုက်ရတာပါ။


♦ အဝိဇ္ဇာနဲ့ တဏှာတို့ပူးတွဲလုပ်ဆောင်မှုကို လေ့လာကြည့်မယ်ဆိုရင် အဝိဇ္ဇာက အမှန်ကို မမြင်အောင်ကွယ်ပေးပြီး အမှားကိုတော့ အမှန်လို့ ထင်မြင်လာအောင်လှည့်စားပေးတယ်၊ တဏှာက အဝိဇ္ဇာလှည့်ဖြားထားတဲ့အတိုင်းအကောင်း ထင်ပြီး ရှာဖွေချင်လာအောင် လိုချင်တပ်မက်ပေးတယ်လို့ သဘောရပါတယ်။ဒါမှမဟုတ် အဝိဇ္ဇာက မျက်လုံးကို ဖုံးကွယ်ပေးပြီးတဏှာက သံသရာချောက်ကမ်းပါးထဲကို တွန်းချနေတဲ့ သဘောလို့လည်းဆိုနိုင်မယ်ထင်ပါတယ်။


အဝိဇ္ဇာက လှည့်ဖြားပြီး တဏှာက တပ်မက်ပေးတဲ့အတိုင်း ဖြည့်ဆည်းပေးဖို့ကြိုးစားအားထုတ်လုပ်ကိုင် အကောင်အထည်ဖော်တဲ့သဘောကိုပဲ "သင်္ခါရ=ပြုလုပ်မှု"လို့ ခေါ်တာပါ၊ အဲဒီသင်္ခါရကိုပဲ အများသိဝေါဟာရအနေနဲ့ "ကံ"လို့ ခေါ်ကြတာပါပဲ။


♦ တဏှာရဲ့အလိုကို ဖြည့်ဆည်းအကောင်အထည်ဖော်ရာမှာတော့ နှစ်မျိုးနှစ်စားကွဲပြားသွားပါတယ်၊ ♦ ပထမ တစ်မျိုးက မြန်မာဆိုရိုးစကားမှာပါတဲ့အတိုင်း "ဘယ်သူသေသေ၊ ငတေမာပြီးရော"ဆိုသလို အများအတွက် ငဲ့ကွက်ခြင်းမရှိဘဲ ကိုယ့်အလို ပြည့်ဖို့ အတွက် သာကြည့်ပြီး တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ မရအရဖြည့်ဆည်း အကောင် အထည်ဖော်တာမျိုးပေါ့၊ဒါလည်းသင်္ခါရပါပဲ၊ ဒီသင်္ခါရမျိုးဟာ တရားမျှတခြင်းမရှိတဲ့အတွက် မတရားတဲ့ သင်္ခါရမျိုးဖြစ်လို့"အပုညာဘိသင်္ခါရ"လို့ခေါ်ပါတယ်၊ တစ်နည်းအားဖြင့်တော့ "အကုသိုလ်ကံ"ပေါ့၊ "အပုည၊အကုသလ"ဆိုတဲ့ပါဠိစကားကို ပခုက္ကူဆရာတော်ကြီးများမြန်မာပြန်ဆိုတာကတော့ "မကောင်းစုတ်ချာ ယုတ်မာညစ်ဆိုး အကုသိုလ် မျိုး"လို့ ဆိုပါတယ်။


♦ ဒုတိယအမျိုးအစားကတော့ အထိုက်အလျှောက် အသိတရားလည်းရှိ၊ အခြေခံသဒ္ဓါတရားဖြစ်တဲ့ ကံနဲ့ ကံရဲ့အကျိုးကိုယုံ ကြည်မှု လည်း ရှိပြီး တဏှာရဲ့အလိုကို ဖြည့်ဆည်းတာပါ၊ ဒါလည်း သင်္ခါရပါပဲ၊ အသိတရား၊သဒ္ဓါတရားနဲ့ မကင်းတဲ့အတွက် သူတစ်ပါးကို ထိခိုက် နစ်နာစေမှုမျိုး မပါအောင်ရှောင်ကြည်ပြီးအကောင်အထည်ဖော်တာဖြစ်လို့ "ပုညာဘိ သင်္ခါရ"လို့ ခေါ်ပါတယ်။ကုသိုလ်ကံလို့လည်း ခေါ်တာပေါ့၊မြန်မာလိုတော့ "အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာကို ရစေတဲ့ အလုပ်"လို့ ခေါ်ပါတယ်။


♦ ဒီ "သင်္ခါရ"ဆိုတဲ့ နေရာမှာ အကုသိုလ်ကံနဲ့ ကုသိုလ်ကံရယ်လို့ ကံဆိုး ကံကောင်းနှစ်မျိုးတော့ကွဲသွားပါပြီ၊ဒါပေမယ့် ဒီကံနှစ်မျိုးလုံးရဲ့ အခြေခံအကြောင်းရင်းကတော့ "အဝိဇ္ဇာနဲ့တဏှာ"ဆိုတဲ့ မလှပတဲ့ အကြောင်းတရားချည်းပဲ ဖြစ်တယ်ဆိုတာ သတိပြုမိကြမယ် ထင်ပါတယ်။


ကံမှာ အဆိုးအကောင်းကွဲပေမဲ့ အကြောင်းရင်းကတော့ "ကိလေသဝဋ်" လို့ အမည်ဆိုးတွင်တဲ့ အကြောင်းမလှမှုကြီးက မကွဲပြားဘူး အတူတူပဲ ဖြစ်နေတယ်ဆိုတာကိုသတိပြုမိကြဖို့ပါ။


[ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)]


အပိုင်း(၂)သို့.......


No comments: