Friday, May 03, 2013

"စီးသူနှင့် ရုန်းသူ"

"စီးသူနှင့် ရုန်းသူ"


လောကီအာရုံ ကာမဂုဏ်တွေဆိုတာ စွန့်နိုင်ရင် ကိုယ်က‘စီးသူ’ဖြစ်ရတယ်။ မစွန့်နိုင်ရင် ကိုယ်က‘ရုန်းသူ’ ဖြစ်ရတယ်။ {တောင်မြို့ -အောင်ခြင်းရှစ်ပါးဆရာတော်ကြီး}


စာသင်သားအဖြစ်နဲ့တောင်မြို့ခေါ် အမရပူရမြို့ကို စရောက်ချိန်က အမရပူရမြို့မှာ ထင်ရှားတဲ့ ဆရာတော်ကြီးလေးပါးရှိတယ်။ တောင်မြို့ ည၀ါအကျော် တူမောင်းဆရာတော် ကြီး(ဘဒ္ဒန္တနန္ဒိယ)ရယ်၊ ဘာသာဋီကာ ကျမ်းပြုအကျော် မဟာဂန္ဓာရုံဆရာတော်ကြီး (အရှင်ဇနကာဘိဝံသ)ရယ်၊ မိုးကုတ်ဝိဿနာ အာဒိကမ္မဋ္ဌာနာစရိယ (ဘဒ္ဒန္တ၀ိမလ)ဆရာတော်ကြီးရယ် ၊ အောင်ခြင်းရှစ်ပါးဆရာတော်ကြီးရယ်တို့ဖြစ် ပါတယ်။


တစ်ခြားဆရာတော်ကြီးသုံးပါးက စာချ၊ စာရေး၊တရားဟော၊ တရားပြဆိုတဲ့ ပရိယတ်၊ ပဋိပတ်လုပ်ဆောင်ချက်များကြောင့် ရဟန်းရှင်လူ တို့ရဲ့ လေးစားခြင်းကိုခံရသလို အောင်ခြင်းရှစ်ပါး ဆရာတော်ဘုရားကြီးကတော့တောင်သမံ အင်းစောင်းမှာရှိတဲ့ သုသာန်နားကကျောင်းမှာနေပြီးညတိုင်းသုသာန်ဓုတင်ဆောင်ပြိးပဋိပတ်ကျင့်သုံးတော်မူတာရယ်၊ရသမျှပစ္စည်းလေးပါးတို့ကို တပည့်များအားလိုအပ်သလောက် စွန့်ကြဲပြီးတာနဲ့တစ်ပြိုင်နက် မိမိနားမှာ လုံးဝမထားဘဲ မြို့နယ်လုံးဆိုင်ရာ ၀ိနည်းစာတော်ပြန်ပွဲကျင်းပရာ ဗဟိုဌာနဖြစ်တဲ့ တူမောင်းတိုက်ကိုချက်ချင်းပို့လှူလေ့ရှိတာရယ်၊ သွားလာနိုင်သေးသမျှ အချိန်အထိ ကိုယ်တိုင် ဆွမ်းခံတဲ့ ပိဏ္ဍပါတ်ဓုတင်ဆောင်လေ့ ရှိတာရယ်တို့ကြောင့် ထင်ရှားပါတယ်။


ဆရာတော်ကြီးရဲ့ ပဋိပတ်ဂုဏ်သတင်းကြောင့် ဟိုက ဒီက လာရောက်လှူဒါန်းသူတွေလည်းအတော်လေးရှိပါတယ်။ တချို့ကတော့ ဘယ်လောက်အဖိုးတန်တဲ့ ပစ္စည်းတွေပဲဖြစ်ဖြစ် ဆရာတော်ကြီးက သူ့နားမှာသိမ်းမထားဘူး။ချက်ချင်းစွန့်လှူ ပစ်လေ့ရှိတယ်ဆိုတာ သိထားလေတော့ သူတို့လှူတဲ့ပစ္စည်း အကောင်းစာလေးတွေဆိုရင် ဆရာတော်ကြိးကိုယ်တိုင် အသုံးပြုစေချင်တဲ့သဘောနဲ့ “ဒါလေးတော့ ဆရာတော်ဘုရာကြီးကိုယ်တိုင်အသုံးပြုတော်မူပါ ဘုရား၊ ဘယ်မှ စွန့်လှူမပစ်ပါနဲ့”ဆိုပြီးလျှောက်ထားတတ်ကြတယ်၊ အဲဒီလို အခါမျိုးမှာ ဆရာတော်ကြီးမိန့်လေ့ရှိတဲ့ စကားက-♦ “လောကီအာရုံ ကာမဂုဏ်တွေဆိုတာ စွန့်နိုင်ရင် ကိုယ်က’စီးသူ‘ဖြစ်ရတယ်၊ မစွန့်နိုင်ရင် ကိုယ်က ‘ရုန်းသူ’ ဖြစ်ရတယ်”တဲ့။


ဆရာတော်ကြီးသက်တော်ထင်၇ှားရှိစဉ်က လေးငါးနှစ်လောက် မီလိုက်ရသလို ဆရာတော် ကြီးရဲ့ မိန့်ကြားချက်များကိုလည်း ကြားဖူးနားဝ ရှိခဲ့ပေမယ့် အဲဒီတုန်းက ဆိုလိုရင်းကိုသိပ်ပြီးသဘောမပေါက်ခဲ့ဘူး၊


♦ အခုအချိန်မှာ ဘုရားအလောင်းရဲ့ပါရမီဖြည့်ခဲ့ပုံဖြစ်တော် စဉ်ဘ၀တွေကို လေ့လာကြည့်တဲ့အခါကျတော့မှ ဆရာတော်ကြီးရဲ့ စကားဟာ ဘယ်လာက်အထိ လေးနက်ထိရောက် တယ်ဆိုတာ သဘောပေါက်လာရတယ်။


ဟုတ်တယ်၊ဘုရားအလောင်းတော်အာဇာနည် ယောင်္ကျားမြတ်တို့ရဲ့ လာရာလမ်းတစ် လျောက်ကို လေ့လာကြည့်မယ်ဆိုရင် သုမေဓာ သူဌေးသားဘ၀ကစပြီးဝေဿန္တရာမင်းဘ၀အထိ စွန့်လွှတ်ခြင်း သက်သက်နဲ့ ဗောဓိဉာဏ် အဆောက်အအုံကို မြင့်မြတ်သည်ထက် မြင့်မြတ်အောင် တည်ဆောက်ခဲ့တာ၊ငါးရာ့ငါးဆယ်လို့ခေါ်တဲ့ ဖြစ်တော်စဉ် ဘ၀တွေကို ကြည့်မယ်ဆိုရင်လည်းကိုယ်ရေး ကိုယ်တာအတွက် ပစ္စည်းဥစ္စာကို တွယ်တာခြင်းကြောင့် ဒုက္ခ ကြုံရတဲ့ ဘ၀ရယ်လို့ မရှိဘူး။ အမြဲတမ်းစွန့်လွှတ်တဲ့ ဘက်ကချည်းနေခဲ့တယ်။


စွန့်လွှတ်တယ်ဆိုတာတောင် အများမြင်သာတဲ့ ရုပ်ပိုင်းဆိုင်ရာ စွန့်လွှတ်မှုရိုးရိုး မဟုတ်ဘူး။ ရုပ်ပိုင်းစိတ်ပိုင်း နှစ်ပိုင်းလုံးကိုပြတ်ပြတ်သားသား စွန့်လွှတ်ခဲ့တာပါ။ တချို့က ရုပ်ပိုင်းဆိုင်ရာ အရ ‘ စွန့်လွှတ်တယ်’လို့ထင်ရပေမယ့် သူတို့ရဲ့ စိတ်က အာရုံမပြတ်ဘူး။လောကဂုဏ်သိန် ကိုဖြစ်စေ၊ စည်းစိမ်ဥစ္စာကိုဖြစ်စေတောင့်တပြီး ရင်းနှီးမြှုပ်နှံတဲ့သဘောမျိုးနဲ့ စွန့်ကြတာ။ ဘုရား အလောင်းတော် အာဇာနည်တို့ရဲ့စွန့်လွှတ်မှုမှန် သမျှကတော့ ကိုယ့်ကျိုးတောင့်တမှု လုံးဝ မဖက်ဘဲ အလှုခံတို့ရဲ့ အကျိုးအတွက်သာ ငဲ့ကွက်စွန့်လွှတ်ခဲ့တာပါ။


ဒါကြောင့်လည်းတောင်မြို့ ဂန္ဓာရုံဆရာတော်ဘုရားကြီးက-“လောကဂုဏ်သိန်၊စည်းစိမ်မဖက်၊ သက်သက်အလှူ၊ ခံယူသူသာ၊ ချမ်းသာစေကြောင်း၊ငဲ့ညှာရှောင်း၊အလောင်းတော်တို့ ဒါနမှတ်”လို့ လင်္ကာစာပိုဒ်နဲ့ မှတ်ချက်ချတော်မူခဲ့တာပါ။


ရာထူးဂုဏ်သိန်ပဲ ဖြစ်ဖြစ်၊ စည်းစိမ်ဥစ္စာပဲဖြစ်ဖြစ်၊ တခြားအတွယ်အတာတွေပဲ ဖြစ်ဖြစ် ကိုယ်က သိမ်းပိုက်စွဲလမ်းထားမယ်ဆိုရင် အစွဲပြင်းသလောက် အခွာခက်လာတယ်။


♦ သင်္ခါရတို့ရဲ့ ထုံးစံအရ မလွဲမသွေခွဲခွာကြရပြီ ဆိုရင်လည်း ကိုယ်က ခွာတာမဟုတ်ဘဲ သူက ကွာ သွားတာဖြစ်လို့ ခံစားချက်ပြင်းကြမြဲပါ။


♦ ကိုယ်ကခွာတယ်ဆိုတာ အနာတစ်ခုကိုတဖြည်းဖြည်း ရင့်ရာက မှည့်၊ မှည့်ရာက ပြည်သွေးစင်ပြီးခြောက်ကွာကျတာနဲ့တူတယ်၊ ကိုယ်က မခွာချင်ဘဲ သူက ကွာကျတယ်ဆိုတာ အနာမမှည့်ဘဲ ဆွဲခွာလိုက်တာနဲ့တူတယ်လို့ ဆရာများက မိန့်ကြားဖူးပါတယ်။


အောင်ခြင်းရှစ်ပါး ဆရာတော်ကြီးမိန့်ကြားတဲ့ “မစွန့်နိုင်ရင် ကိုယ်ကရုန်းသူဖြစ်ရတယ်”ဆိုတာလည်းဒီသဘောကို ရည်ညွှန်းတယ်လို့ ထင်ပါတယ်။


အလောင်းတော်တို့မှာတော့ အစွန့်သက်သက်နဲ့သာ လျှောက်လှမ်းခဲ့တဲ့အတွက် အတွယ်အတာဝန်ကို ထမ်းရတယ်ဆိုတာ မရှိခဲ့ဘူး။တောင့်တမှု ဆိုတာ လုံးဝမရှိခဲ့တဲ့အတွက် အလိုမပြည့်လို့ ကြုံရတဲ့ ဒုက္ခ ဆိုတာလည်းလုံးဝမရှိခဲ့ဘူး။ ဒီဒုက္ခမျိုးမကြုံရရုံမျှမကသေးဘူးလိုအပ်တဲ့ အရာမှန်သမျှကိုလ ည်းအထူးအထွေတောင့်တနေစရာ မလိုဘဲအလိုရှိကာမျှနဲ့ ပြည့်စုံရတယ်လို့(ဥဒါန်း-ဥဒပါန သုတ်မှာ) ဟောတော်မူ ပါတယ်။“စွန့်နိုင်ရင် စီးသူဖြစ်ရတယ်”ဆိုတာ ဒီသဘောပဲ ဖြစ်ပါလိမ့်မယ်။


♦ အချို့ ရှေးဆရာတော်ကြီးများကတော့ “မစွန့်နိုင်ရင် ၀န်ထုပ်၊ စွန့်နိုင်ရင် ရိက္ခာထုပ်” လို့လည်းမှတ်ချက်ချကြပါတယ်။


အားလုံးကိုခြုံငုံပြီးကော်ကချက်ချမယ် ဆိုရင်တော့…


♦♦ မစွန့်နိုင်သူ(သိမ်းပိုက်ထားသူ)များဟာ ၀န်ထုပ်ပိပြီး နစ်နေကြရတယ်၊ စွန့်နိုင်သူများကတော့ရိက္ခာထုပ်စီးပြီးတစ်ဆင့်ထက် တစ်ဆင့် မြင့်တက်နေကြရတယ်၊နောက်ဆုံးမှာ အမြင့်ဆုံး အရိယာအဆင့်အထိ ရောက်ရှိပြီးနိဗ္ဗာန်ကို မျက်မှောက်ပြုနေ ကြရတယ်”လို့သာ ဆိုရပါလိမ့် မယ်။♦ ♦


ဒီနေရာမှာ စဉ်းစားကြည့်စေချင်တာကတော့…


“ဒီနေ့ ‘ဗုဒ္ဓဘာသာဝင်သူတော်စင်များ’လို့


ဆိုကြသူတွေအနေနဲ့ဘုရားသွား၊ ကျောင်းတက်၊ အလှူရေစက်လက်နဲ့မကွာ၊ ဒါန၊သီလ၊ဘသနာမလွတ်”လို့ ဆိုရလောက်အောင် ကုသိုလ်ကောင်းမှုအမျိုးမျိုးကို လုပ်နေကြတာ၊ပစ္စည်း ဥစ္စာကော၊ကိုယ်စွမ်းဉာဏ်စွမ်းပါစိုက်ထုတ်နေကြတာကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။


►ဒါပေမဲ့ အဲဒီကုသိုလ်ရှင်များအနေနဲ့တို့ဟာ“စီးသူတွေလား၊ ရုန်းသူတွေလား၊၀န်ထုပ်ပိနေကြသူတွေလား၊ရိက္ခာထုပ် စီးနေကြသူတွေလား”ဆိုတာကတော့ စိစစ် သုံးသပ်စရာ ဖြစ်နေပါသေးတယ်။


“စီးသူ”ဆိုတာ အာဇာနည်တို့ထုံးနှလုံးမူပြီးကုသိုလ်ကောင်းမှု မှန်သမျှ ကိုယ့်ကောင်းကျိုးကို မမျှော်ကို မတောင့်တဘဲ အလှူခံ သူတို့ရဲ့ ကောင်းကျိုး သက်သက်ကိုသာ ရှေးရှုပြီးပြုတဲ့ကုသိုလ်မျိုး ပြုလုပ်သူများကို ဆိုလိုတာပါ။


►တစ်နည်းပြောရရင်တော့ ကောင်းမှုကို ကောင်းချင်လို့ပြုတာ မဟုတ်ဘဲ ကောင်းစေချင်လို့ပြုသူများဖြစ်မှသာ ‘စီးသူ’ များဖြစ်ရမှာပါ။


မိမိငယ်စဉ်ကတည်းကနေခဲ့လို့ မိမိရဲ့ အရပ်ဒေသလို့ပဲဆိုရမယ်၊ တောင်မြို့၊(အမရပူရ)မှာ အများသိကြတဲ့အတိုင်း ဦးပိန်တံတားခေါ် တောင်သမံတံတားကြီးရှိပါတယ်။ “အင်းရယ်၊ တံတားရယ်၊၀န်းကျင်ရှုခင်းရယ်၊ မယ်ဇယ်တန်းရယ်”စတဲ့ သဘာဝ အလှကြောင့် ရပ်ဝေးရပ်နီးအပန်းဖြေသူများသာမက နိုင်ငံခြားသား ခရီးသွားများပင်လာရောက်ကြည့်ရှုအပန်းဖြေရ ကြပါ တယ်။


အဲဒီမှာ အဝေးရှုခင်းက လှပသာယာသလောက်အနီးကပ်မှာ အကျည်းတန်တဲ့ မြင်ကွင်းများအဖြစ်နဲ့‘ ငှက်’အကြီးအသေး မျိုးစုံနဲ့ ငါးအရှင် လေးတွေကို ဖမ်းလှောင်ပြီးကုသိုလ်ဖြစ်လွှတ် ကြ ဖို့ ရောင်းခနေကြတာကိုမိုးတွင်းမှာဆိုရင် မမြင်ချင်အဆုံး တွေ့နေရတာပါပဲ။


တချို့က ငှက်ကလေးတွေ၊ငါးကလေးတွေကို သနားတဲ့အတွက် ၀ယ်ပြီးလွှတ်ကြပါတယ်။အမှန်ကတော့ ဈေးကောင်းကောင်းပေးပြီးဝယ်လွှတ်နေ ကြသူတွေရှိလို့လည်းဖမ်းလှောင်ပြီး ရောင်းချနေတဲ့ကိစ္စက ဖြစ်ပေါ်နေတာပါ။သူတော်စင်တို့ ကုသိုလ်ရဖို့အတွက် အပြစ်မဲတဲ့ ငှက်နဲ့ငါးတို့ ဖမ်းလှောင် နေရတယ်လို့ ဆိုရမှာပါပဲ။


► “ကိုယ်တိုင်၊ တိုက်တွန်း၊ချီးမွမ်း၊ စိတ်တူ မကောင်းမှု ဝေစုအမျှယူ”ဆိုတဲ့ ဘုရားရှင် အဆုံးအမအတိုင်းဆိုရင်တော့ ဖမ်းသူ၊ လွှတ်သူအားလုံးဟာ “အပေါင်းပါများ”လို့သာ ဆိုရမှာ ဖြစ်ပါတယ်။


အဲဒီမှာ အနီးကပ် အေးအေးဆေးဆေးစောင့်ကြည့်မယ်ဆိုရင် ဘယ်လိုထူးခြားချက်တွေ တွေ့ရဦးမလဲဆိုတော့-


နိုင်ငံခြားသားအချို့လည်း ငှက်တွေ၊ငါးတွေကိုဝယ်ပြီး လွှတ်ကြတယ်။ သူတို့ကတော့ ပါးစပ်က ဘာဆုတောင်းတွေမှ ဆိုမနေကြပါဘူး၊ ငှက်ကလေးတွေကိုလည်းလေထဲမြှောက် ပြီးလွှတ်လိုက်လို့ ငှက်ကလေးတွေ ကောင်းကောင်းမွန်မွန် ပျံတက်သွားနိုင်တာကို တွေ့လိုက်ရင် လက်ခုပ်တီးပြီးပျော်လိုက်တာပဲ။သိပ်ပြီးခြေတွေ ညောင်းလို့ မပျံနိုင်တဲ့ ငှက်ကလေးတွေကျတော့ ပြန်ကောက်ယူပြီးအသာအယာ ဆုပ်နယ်ပေးတယ်။ပြီးတော့ လေထဲကို နည်းနည်းပိုမြှောက်ပြီး လွှတ်လိုက်တယ်။ အောင်အောင် မြင်မြင် ပျံတက်သွားရင် လက်ခုပ်တီး၊ သြဘာပေး လိုက်ကြပါတယ်။ငါးကလေးတွေကို လွှတ်တဲ့အခါလည်း ဒီအတိုင်းပါပဲ။


◆ အဲ-- မဟာကရုဏာရှင် ဗုဒ္ဓဘာသာဝင် သူတော်စင်များကေ တာ့ ၀ယ်ခါနီးမှာ ဈေးဆစ်တယ်၊ အကောင်ရေများများရအောင် ဈေးအသက်သာ ဆုံးကို ရွေးဝယ်ပါတယ်။ ဈေးကြီးတဲ့ အကောင် ကြီးတွေ ကိုတော့ သူတို့ရဲ့ ကရုဏာက အမီမလိုက်နိုင်သေး လို့ထင်ပါရဲ့၊ ဒီအတိုင်းပဲ ကြည့်နေ လိုက်ပါတယ်။ ၀ယ်ပြီးပြီဆိုတော့လွှတ်တော့မယ်။ဒီအတိုင်းလွှတ်မှာတော့ မဟုတ်သေးဘူး။ပါးစပ်ကဆုတောင်းသေးတယ်။


◆“နင့်အသက်တစ်ခါလွှတ်၊ ငါ့အသက် ဆယ်ခါလွှတ်၊ ဟေး. . .”တဲ့။


တူသောအကျိုးကို ပေးတတ်တယ်ဆိုရင်တော့ ငှက်ကလေးတွေ၊ ငါးကလေးတွေအနေနဲ့“တောင်းတဲ့ဆု ယခုချက်ချင်း ပြည့်စေသား”လို့များ ဆုပေးကြမလားပဲ။


◆ စဉ်းစားကြည့်ရင် အတော်ကြက်သီးထလောက်တဲ့ ဆုတောင်းပါ။ ဘာသာစကားကိုစနစ်တကျတတ်ကျွမ်းသူများသာ ဒီဆုတောင်းကို ကြားလိုက်ရင် “ဒီလူ စိတ်များမနှံ့လို့လား”လို့ထင်လောက်တယ်။


ဟုတ်တယ်လေ။‘လွှတ်’ ဆိုတဲ့ကြိယာ စကားက သဘာဝတရားမဟုတ်ဘူး၊ လူက ဖန်တီးမှုကို အကြောင်းပြုပြီးပြောဆိုတဲ့စကား။


ပြီးတော့ ဒီစကားက သူ့ချည်းအဦးဆုံးပြော ဆိုသုံးစွဲရတဲ့ စကားလည်း မဟုတ်ဘူး။ သူ့ရှေ့မှာ ရှေ့ပြေးကြိယာ (ပုဗ္ဗကာလကြိယာ)တစ်ခု ခု ရှိရတယ်။


ဖမ်းခြင်း၊ ချုပ်ခြင်း၊ငြိခြင်းစတဲ့ ကြိယာတစ်ခုခု ဖြစ်ပေါ်ပြီးမှ သုံးရတဲ့စကားမျိုး။ “လွှတ်တယ်”ဆိုတာဖြစ်ဖို့တွက် “ဖမ်းတယ်၊ချုပ်တယ်၊ တုပ်နှောင်တယ်”စတဲ့ ကြိယာတစ်ခုခု အရင်ဖြစ်ပေးရဦးမှာ။


◆ ဒီတော့ . “ငါ့အသက်ဆယ်ခါလွှတ်”ဆိုတဲ့ တောင်းဆိုမှုဟာ “ငါ ဆယ်ခါ အဖမ်းအဆီး၊ အချုပ်အနှောင်ခံရပါလို၏”ဆိုတဲ့ တောင်းဆိုမှုလည်းအလိုလိုတွဲပါနေပြီ။ဒီရှေ့ပြေးကြိယာတွေ မရှိဘဲ လွှတ်ခြင်း ကြိယာက ဖြစ်မှမဖြစ်နိုင်ဘဲကိုး။တွေးကြည့်ရင် ဘယ်လောက်အထိ ၀န်လေးအောင်ရုန်းနေရမယ့် တောင့်တမှုကြီးလည်းဆိုတာ သတိပြုစရာပါ။


◆ ဒါဟာ ကိုယ်ကျိုးကိုငဲ့လို့ ကြုံရေတဲ့ ကမောက်ကမနိုင်မှုကြီးပါ။ အာဇာနည်တို့ပြုတဲ့ကုသိုလ်ဆိုတာ ခံယူသူရဲ့ အကျိုးသက်သက်ကိုသာ ငဲ့ပြီးပြုလုပ်ရတာဖြစ်လို့ခံယူသူ အကျိုးကို တကယ်ငဲ့ကွက်မယ်ဆိုရင် သူ့ဟာသူ သဘာဝအလျှောက် လွတ်လွတ်လပ်လပ် နေကြတဲ့ ငှက်ကလေး၊ ငါးကလေးတွေကို အစကတည်းက ဖမ်းဆီးချုပ်နှောင် သိုလျှောင်ထားခြင်း ဆိုတာကို ရှိမှာမဟုတ်ပါဘူး။


ဒီကစ္စမှာ ၀ယ်ပြီးလွှတ်သူများအနေနဲ့“ဖမ်းသူတွေက ဖမ်းထားတာကို ကိုယ်က စေတနာနဲ့ လွှတ်တာပဲဟာ၊ကိုယ့်မှာ ဘာအပြစ်ရှိမှာလဲ”လို့ ဆင်ခြေပေးကောင်းပေးကြ မယ် ထင်ပါတယ်။


အဝေးပြေးကားလမ်းဘေးမှာရှိတဲ့ တောရွာကလေးတွေမှာ မူလက ရိုးရိုးပဲ။ကျေးလက်ကလေးများပီပီ ခရီးသည်တွေကို လက်ပြ နှုတ်ဆက်ကြတာပါပဲ။ ခရီးသည်တွေက မုန့်ပဲသရေစာတို့၊သကြားလုံးတို့၊ ပိုက်ဆံတို့ ပစ်ချပြီးပေးခဲ့ကြရာက ကျေးလက် ကလေးငယ်တွေဟာ ရိုးရိုးနှုတ်ဆက် သူများအဖြစ်ကနေ တောင်းရမ်းကြသူလေးတွေ ဖြစ်လာကြတယ်။နောက်တော့ ကားအောက် အထိ ၀င်လုကြရာက အသက်အန္တရာယ်ပါ ရှိလာလို့သက်ဆိုင်ရာက ခရီးသည်များကို တားမြစ်ထားရပါတယ်။


◆ အခုလည်း ဖမ်းဆီးသိုလှောင်ကြတယ်ဆိုတာ ၀ယ်ယူပြီး လွှတ်သူတွေရှိလို့ဖြစ်နေကြ တာပါ။ ‘အပေါင်းပါများ’ အဖြစ်နဲ့ အကုသိုလ်ဝေစု၊ ၀ဋ်ကျွေးဝေစုကတော့ငြင်းမလွတ်ပါဘူး။အဲ-သူတို့လောဘဇောနဲ့အတိုးကြီးတောင်းသလို ဆယ်ဘ၀ဆယ်ခါလောက်တောင် က,ချင်မှ ကပါလိမ့်မယ်။


ဘာဘဲဖြစ်ဖြစ် ဒါဟာ ရိုးရာဓလေ့ထုံးစံပဲ၊ လွှတ်မြဲလွှတ်ရမှာပဲ၊ ဆုလည်းတောင်းမြဲ တောင်းရမှာပဲဆိုရင်တော့-


“တောင်းသောဆု ယခုချက်ချင်းပြည့်စေသား”လို့သာ ဆုပေးလိုက်ရတော့မှာပါ။


အကျိုးအပြစ်ကိုသိမြင်ကြသူများအနေနဲ့တော့ အံ့သြစုတ်သပ် ကရုဏာသက်ရင်းက သက်ပြင်းချနေကြမယ်ထင်ပါတယ်။


“သြော်-လူ့ပြည်မှာကိုယ်ကျိုးကိုသာလုနေကြသူတွေ မနည်းပါကလားနော်”..လို့


ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)


No comments: