Friday, May 03, 2013

ဝင်ရိုးကျိုးသောလှည်းသမား

ဝင်ရိုးကျိုးသောလှည်းသမား။ •••••••••••••••••••••••••• အခါတစ်ပါး၌မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဋ္ဌေး၏အရံဖြစ်သော ဇေတဝန်ကျောင်းတော်၌ (သီတင်းသုံး) နေတော်မူ၏၊ထိုအခါ၌ ခေမနတ်သားသည် ညဥ့်ဦးယံလွန်ပြီးသော (သန်းခေါင်ယံ) အချိန်၌ အလွန်နှစ်သက်ဖွယ်အဆင်းရှိသည်ဖြစ်၍ဇေတဝန်တစ်ကျောင်းလုံး ကို ထွန်းလင်းစေလျက်မြတ်စွာဘုရားထံသို့ချဉ်းကပ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တစ်ခုသော နေရာ၌ ရပ်တည်ပြီးသော် မြတ်စွာဘုရား၏ထံတော်ပါး၌ဤဂါထာကို လျှောက်၏


''ပညာမဲ့ကုန်သော သူမိုက်တို့သည် ခါးစပ်သော အကျိုးရှိသည်ဖြစ်၍ယုတ်ညံ့သော အမှုကို ပြုကုန်လျက် မိမိသည်ပင် (မိမိ၏)ရန်သူအဖြစ်ဖြင့်ကျင်လည်ရ ကုန်၏။


နောင်တတစ်ဖန် ပူပန်ရသော မျက်ရည်ယိုသော မျက်နှာရှိသည်ဖြစ်၍ ငိုယိုလျက် ခံစားရသည့် အကျိုးမရှိသော အမှုကို ပြုခြင်းသည် မကောင်း။


နောင်တတစ်ဖန် မပူပန်ရသော နှစ်သက် , ဝမ်းမြောက်သည်ဖြ စ်၍ ခံစားရသည့် အကျိုးရှိသော အမှုကို ပြုခြင်းသည် ကောင်း၏။


သူတော်ကောင်းဖြစ်သော ပညာရှိသည် မိမိ၏အစီးအပွားကို သိငြားအံ့၊ ထိုအစီးအပွားကိုရှေးဦးစွာပင် ပြုရာ၏၊ 'ဝင်ရိုးကျိုးသောလှည်းသမား၏အကြံကဲ့သို့' အားမထုတ်ရာ။


'လှည်းသမားသည် ပြေပြစ်ညီညွတ်သောလမ်းမကြီးကို စွန့်၍ မညီညွတ်သော လမ်းခရီးသို့ တက်သောကြောင့် လှည်းဝင်ရိုးကျိုးသည်ဖြစ်၍ကြံမှိုင်ရသကဲ့သို့'. .


ထို့အတူ ပညာနုံ့သော သူသည် တရားမှဖဲ၍,မတရားသို့ အစဉ်လိုက်သောကြောင့် သေမင်း၏ခံတွင်းဝသို့ ရောက်သည်ရှိသော် 'လှည်းဝင်ရိုးကျိုးသော လှည်းသမားကဲ့သို့'ကြံမှိုင်ရ၏''ဟု (လျှောက်၏)။


Credit & Copy From > 3 Treasures: Buddha, Dhamma & Sangha


No comments: