Wednesday, May 01, 2013

တောင်တန်းသာသနာပြု ဆရာတော်ကြီး၏ရေမေတ္တာ

တောင်တန်းသာသနာပြု ဆရာတော်ကြီး၏ရေမေတ္တာ-------------------------------------------------------------ခန္ဓာဝန်ချတော်မူခဲ့ပြီးဖြစ်သော တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရ၏ ရေမေတ္တာကိုအသုံးပြုပါက မုန်းသည့်သူကို ချစ်ခင်လာနိုင်တာ၊စိတ်ဖြေဖျောက်လာ နိုင်တာကို လက်တွေ့ခံစားရပါမည်။ ဥပမာ---ဘာအကြောင်းကြောင့်ဖြစ်စေ၊တစုံတယောက်သောသူ ကရန်မူလာလျှင် ရန်မူသောထိုသူကိုစိတ်အာရုံညွတ်၍သူ့ခမျာ ငါ့ကို ရန်မူနေတဲ့အတွက် စိတ်နှလုံးပူ လောင်နေရှာမှာပဲ-ဟု ကရုဏာစိတ်ကို ဦးစွာဖြစ်စေပါ။သနားထိုက်သော သနားစရာကောင်းသောသတ္တဝါအဖြစ်ထား၍ကရုဏာစိတ် ဝင်စားပြီးလျှင်နောက်မှတဆက်တည်းတကယ်ချမ်းသာကောင်းစားစေလိုသော စေတနာဖြင့် လှိုက်လှိုက်လှဲလှ မေတ္တာပို့လွှတ်ပေးရမည်။အမြဲမပြတ် မလုပ်နိုင်သော်လည်း မေတ္တာပို့နေသောအခိုက်တွင် လှိုက်လှဲသောစေတနာ ထက်သန်မှုရှိစေရမည်။ထက်သန်မှုရှိမှ ထိရောက်သည်။ တန်ခိုးထက်မြက်သည်။ အထူးသတိပြုရန်မှာစိတ်ညွတ်၍မေတ္တာပို့သောအခါ မိမိစိတ်ထဲသို့ဒေါသဝင်မလာစေရပါ။တဖက်သား ပျက်စီးစေလိုခြင်း၊ဒုက္ခရောက်သွားစေလိုခြင်းစသော ဒေါသစိတ်(အာဃာတ-ရန်ငြိုးစိတ်၊ဒေါမနဿ-မကျေမချမ်း နာကြည်းစိတ်) ဝင်လာတတ်သည်။ ဝင်လာလျှင် လွတ်အောင်ဖယ်ထုတ်ပစ်ပါ။ယင်းဒေါသစိတ်ကင်းအောင် ဖယ်ထုတ်ပစ်နိုင်လျှင် ရန်သူအပေါ်မိမိကအောင်နိုင်ပြီဟူ၍ မှတ်ပါ။ အကယ်၍ ရန်သူကို စိတ်အာရုံညွတ်၍မေတ္တာပို့ရုံသက်သက်ဖြင့် အမြန်ပြေအေးသွားမည် မထင်လျှင် ဖန်ခွက်တခုကို ဆေးကြော၊ ရေအေးအေး သန့်သန့်ထည့်ပြီးအမှိုက်သရိုက်မကျအောင် အဖုံး,ဖုံး၍ဘုရားစင်မှာ တင်ထား၊ရန်မူသူကို ကိုယ်စားရည်မှတ် ၍ကျောက်စရစ်ခဲကလေးကိုဖြစ်စေ၊တုတ်ချောင်းကလေးကို ဖြစ်စေထိုရေဖန်ခွက်ထဲသို့ချပြီးစိမ်ထား။သူ့ကို အေးချမ်းသွားစေရန် မေတ္တာရေ စိမ်ထားပြီ-ဟုစိတ်ရှင်းစွာထား ၍မေတ္တာပို့လွှတ်ပေးနေပါ။ ထိုရန်မူနေသူကို ကောင်းစားချမ်းသာစေလိုသော မေတ္တာစိတ်ပို့လွှတ်ပေးနေလျှင် ခုနစ်ရက်အတွင်း မူပြောင်းလာလိမ့်မည်။ထူးခြားသည်မှာ သူ့မှာဒေါသမရှိလျှင်၊ ဒေါသနည်းလျှင် ချစ်ခင်လာလိမ့်မည်။ကိုယ့်ကို သနားစိတ်ဝင်လာလိမ့်မည်။သူပြောမှားရှိသမျှ ဝန်ချတောင်းပန်လာလိမ့်မည်။အကယ်၍လူကိုယ်တိုင် လာရောက်မတောင်းပန်စေကာမူ ဆက်လက်၍ ရန်မမူတော့ချေ။မီးကို ရေနှင့်ဖျန်းလိုက်သလို ငြိမ်းသွားလိမ့် မည်။


သို့သော် သူ့မှာ မကျေနပ်နိုင်၊ မအေးနိုင်အောင် ဒေါသရှိနေသေးလျှင်ကား ကိုယ့်အနားမှာ နေလို့မရ၊ဝေးရာသို့ တနည်းနည်းဖြင့်ဖယ်ခွါသွားရတတ်သည်။ အားလုံးဤပုံစံချည်းပင်။ထုံးစံပင်တည်း။မလွဲနိုင်ချေ။ ထိုမှတပါးအခြားမည်သည့်လုပ်ငန်းကိစ္စမဆို တွေ့ကြုံနေရသော နှောင့်ယှက်သူကိုဖြစ်စေ၊ နေထိုင်စားသောက်ရေးကိစ္စ၌ တွေ့ကြုံရသူကိုဖြစ်စေ တွေ့ကြုံရလေသမျှအထက်ပါနည်းအတိုင်းသာ လိုက်နာလုပ်ဆောင်ပါ။မေတ္တာစိတ်ဓာတ်ခိုင်မြဲသော အဆောင်တန်ခိုးဖြင့် ကြည်လင်အေးမြခြင်းကို ဖြစ်စေရမည်။အောင်နိုင်ရမည်ဟူ၍ညွှန်ကြားအပ်ပါသည်။


အိမ်မှ စိတ်ကောက်ပြီးထွက်သွားသူကိုလည်းဤနည်းအတိုင်း လုပ်ဆောင်ပါ။ပြန်ရောက်လာပါလိမ့်မည်။ သူတော်ကောင်းတို့မည်သည် မေတ္တာတရားကို လက်ကိုင်ထားရမည်။ အခြားနည်းကို လက်ကိုင်ထားလျှင်မှားရော-မှတ်ပါ။ မေတ္တာလောက် ကောင်းတာ လောကမှ ဘာမှမရှိပါ။ ဤရေမေတ္တာကို ပြုလုပ်နေသူသည် အောက်ပါအချက်များကိုတော့လိုက်နာရပါလိမ့်မည်။ (၁) အရက်သေစာ မသောက်ဖို့၊ (၂) တတ်နိုင်လျှင် ဥပုသ်စောင့်ဖို့၊ (၃) သွေးသံရဲရဲ သားစိမ်း၊ငါးစိမ်းမစားရ၊(ငါးခြောက်လိုဟာမျိုး စားနိုင်တယ်) (၄) ရန်ရှာတဲ့လူအပေါ်ကို ဒေါသစိတ် အလျှင်းမထားနဲ့၊ စကားကို ညင်ညင်သာသာပြော။ (၅) ရေထဲသို့ထည့်ထားသည့် ကျောက်ခဲလေးအား မိမိမေတ္တာပို့သူ၏ရုပ်ကို ပေါ်အောင်ကြည့်၍စူးစူးစိုက်စိုက မေတ္တာပို့လွှတ်ပါ။


တဦးပေါ်တဦးမေတ္တာနှင့်ယှဉ်သောစိတ်များမွေးမြူနိုင်ကြပါက သည်ကမ္ဘာမြေကြီးသည် ထာဝစဉ်မေတ္တာပန်းများ ပွင့်လန်းနေကြပါမည်။ ကောင်းကျိုးလိုရာပြည့်ပါစေ။


No comments: