Monday, May 06, 2013

ကမ္မဋ္ဌာန်းလေးဆယ် ဆိုတာ

ကမ္မဋ္ဌာန်းလေးဆယ် ဆိုတာ


ဒကာ။။ ဈာန်ရအောင် ပွားများရှုမှတ်ရမည့် သမထ ဘာဝနာကမ္မဋ္ဌာန်း လေးဆယ်ဆိုတာကို စုံအောင်မ သိသေးလို့ အကျ ဉ်းကလေးလောက်မိန့်ကြားပါဦး ဆရာတော် ။ ဆရာ။ ။ကမ္မဋ္ဌာန်းလေးဆယ်ဆိုတာက (၁)ကသိုဏ်းမျိုးဆယ်ပါး၊ (၂)အသုဘမျိုးဆယ်ပါး၊ (၃)အနုဿတိမျိုးဆယ်ပါး၊ (၄)ဗြဟ္မ၀ိဟာရမျိုးလေးပါး၊ (၅)အာဟာရေ ပဋိကူလ သညာ တစ်ပါး၊ (၆)စတုဓါတု ၀၀တ္ထာန်တစ်ပါး၊ (၇)အာရုပ္ပလေးပါး၊ပေါင်း….အမျိုးအစား ၇ ပါးရှိတယ်၊ အရေအတွက်လေးဆယ်ရှိတယ်၊ အဲဒီ လေးဆယ်ထဲက ဈာန်ရနိုင်တဲ့ ကိုယ်နဲ့လျော်၊ ကြိုက်ရာတစ်ပါးပါးကို ရှုမှတ် ပွားများနေပေါ့။ ပုံပမာ…..ကသိုဏ်းဆယ်ပါးထဲကပထ၀ီ-မြေကသိုဏ်း၊ အာပေါ-ရေကသိုဏ်းစသည်ပဲဖြစ်ဖြစ်၊အရိုးစုအပုပ် ကောင်စတဲ့ အသုဘဆယ်ပါးထဲက တစ်ပါးပါးဖြစ်ဖြစ်၊ အာနာပါနဿတိခေါ်တဲ့ထွက်လေ၀င်လေပဲဖြစ်ဖြစ် ကိုယ်နဲ့လျော်မည်ထင်ရာ တစ်ပါးပါးကို ထုတ်ယူပြီး မနေမနားအဲဒီအမှတ်အာရုံ စိတ်တစ်ခုတည်းတစ်ပါး တည်းဖြစ်ပေါ်လာအောင် အားထုတ်ယူရမှာဖြစ်တယ်၊ ဒကာကြီးတို့ သိဒ္ဓိရှင်ကြီးတွေ ဖြစ်ချင်ရင် အားထုတ်ကြ ပေါ့၊လွယ် တဲ့အလုပ်တော့ မဟုတ်ဘူး။


ကမ္မဋ္ဌာန်းတရားတိုင်း ဈာန်မရနိုင်ဘူးလား ဒကာ။။ ကမ္မဋ္ဌာန်းတရားကို အဟုတ်တကယ် ကြိုးစား အားထုတ်ရင် ဈာန်ရတာပဲ မဟုတ်လားဆရာတော်၊ ဈာန်မရနိုင်တဲ့ ကမ္မဋ္ဌာန်းတရားများရှိသေးလို့လား ဘုရား၊ရှင်းပြပါဦး။ ဆရာ။ ။အင်း….ရှိတာပေါ့၊ကမ္မဋ္ဌာန်းလေးဆယ်ထဲမှာ တချို့ကမ္မဋ္ဌာန်းမဂ္ဂက ဈာန်မရ နိုင်ဘူး။ ဒကာ။။ တိုတိုကလေးနဲ့ နားလည်အောင် ရှင်းပြပေး ပါဦးဆရာတော်၊ဘယ်ကမ္မဋ္ဌာန်း တွေပါလဲ၊ ဈာန်မရ နိုင်တာက။ ဆရာ။ ။အင်း.. ကမ္မဋ္ဌာန်းလေးဆယ်ထဲမှာ ဟောဒီ ကမ္မဋ္ဌာန်းတရားဆယ်ပါးဟာ ဈာန် မရနိုင်ဘူးတဲ့။ ၁။ ဗုဒ္ဓါနုဿတိ ၂။ ဓမ္မာနုဿတိ ၃။ သံဃာနုဿတိ ၄။ သီလာနုဿတိ ၅။ စာဂါနုဿတိ ၆။ ဒေ၀တာနုဿတိ ၇။ ဥပသမာနုဿတိ ၈။ မရဏာနုဿတိ ၉။ အာဟာရေပဋိကူလသညာ ၁၀။စတုဓါတု ၀၀တ္ထာန် အဲဒီ ကမ္မဋ္ဌာန်း ဆယ်ပါးကို ဆက်လက်အားထုတ်ပွား များနေတဲ့ ယောဂီဟာ ဈာန်မရ နိုင်ဘူးတဲ့၊မဂ်၊ဖိုလ် တော့ နီးစပ်တယ်။ ဈာန်ရနိုင်တဲ့ ကမ္မဋ္ဌာန်းကတော့ ကသိုဏ်းဆယ်ပါး၊ အသုဘဆယ်ပါး၊ ကာယဂတာသတိတစ်းပါး၊ အာနာ ပါနဿတိတစ်ပါး၊ ဗြဟ္မ၀ိဟာရလေးပါး၊အာရုပ္ပလေးပါး၊ အဲဒီကမ္မဋ္ဌာန်းသုံးဆယ်ဟာတော့ ဈာန်ကိုရနိုင်တဲ့ ကမ္မဋ္ဌာန်းတွေပဲတဲ့၊လွယ်လွယ်နဲ့ သိချင်ရင် သဂြုင်္ိဟ် ကျမ်းမှာ ရှာကြည့်ပြီး အားထုတ်ပေတော့။ မြတ်စွာဘုရားသခင်ကဖြစ်တယ်လို့ဟောကြားရင် မုချဖြစ်ရမယ်၊မဖြစ်မရှိဘူး၊ လွယ်တာနဲ့ ခက်တာ ဒါပဲခြားနားတယ်၊ယုံကြည်စွာနဲ့ ကြိုးစားအားထုတ် ကြပေါ့။ ဒကာ။။ မှန်ပါ့ ဒီလို ခွဲခြားစိတ်ဖြာပြီး သေချာစွာ သိရလို့ ၀မ်းသာလှပါတယ် ဆရာတော်။ အဲဒီကမ္မဋ္ဌာန်းလေးဆယ်ထဲက တစ်ပါးပါး ပွားများ ရင် ဈာန်ရပြီးတန်ခိုးသိဒ္ဓိရှင်ကြီး အဖြစ် ရောက်ကာ ကိုယ်လိုရာ စီမံဖန်ဆင်းပေးနိုင်ပုံကလေးတွေကို လည်းသဲကွဲအောင် ရှင်းပြပါဦးဆရာတော်၊ ဒကာ ကြီးတို့ကတော့ ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းထဲက အရဟံ ဂုဏ်တော်ကိုပဲ စွဲကြိုက်နေတာပဲဆရာတော်။ ဆရာ။ ။တော်တော်ရှာရှည်အမေးအမြန်းထူတဲ့ ပုတီး ဂိုဏ်းသမားကြီးတွေပဲကိုး၊ခုနပြည့်စုံစွာ ပြောပြသွားတဲ့ ဈာန်ရနိုင်သော သမာဓိတရားတစ်ပါးပါးကို မရမနေ အသေအလဲ ကြိုးစားပွားများရင်ကိုယ်လိုချင်တဲ့တန်ခိုး သိဒ္ဓိရှင်ကြီးဖြစ်နိုင်တယ်၊လွယ်တဲ့အလုပ်တော့မဟုတ် ဘူး၊တစ်ခု တည်းသောကမ္မဋ္ဌာန်းအာရုံထဲမှာ စိတ်တည် မြဲနေရမှာမို့ စိတ်နိုင်ရင် မြေလျှိုးမိုးပျံကိုယ်ထင်ရာ စီမံဖန် ဆင်းနိုင်တယ်၊ဈာန်စိတ်ကိုသာ ရအောင်လုပ်ပါ။ ဒကာ။။ မှန်ပါ့ အဲဒီဈာန်ရတန်ခိုးသိဒ္ဓိရှင်ကြီးဖြစ်ဖို့အလုပ် ကခက်ခဲတယ်၊မလွယ်ဘူးဆိုလို့လည်း မိမိရဲ့ အသိ ညာဏ်ထဲ စွဲမြဲထက်မြက်ကာ လုပ်ခွင်၌ကျွမ်းကျင်လိမ္မာ လာအောင် ဆက်ဆက်ပြီး အမေးအမြန်း ထူနေရတာပါ ဆရာတော်၊ စိတ်ရှည်ရှည်ထားပြီး ဖြေကြားပါဘုရား၊ သိဒ္ဓိရှင်နဲ့ စပ်လို့ လျှောက်ထားရဦးမယ်။


အဂ္ဂမဟာပဏ္ဍိတ အရှင်သြဘာသာဘိဝံသ


No comments: